Subscribe:
Ads 468x60px
22 Nov 2011
လူကြားသူကြား ပရီးမီယား
ဒီနှစ်ရာသီဝက်တော့ ဇယားထိပ်ကိုတက်မယ်အားခဲထားတာပဲ ရာသီဥတုက ကျုပ်တို့အကြိုက်
သောက်လိုက် မှောက်လိုက် ရောက်လိုက် မရောက်လိုက် ပေါ့ပျက်ပျက် ခပ်ထွေထွေ လက်မှန်တယ်
ခွက်ကျန်က အောက်ကြေးဘယ်လောက်ပေါက်တယ် တစ်လုံးဘယ်လောက်ရှုံးထက်
တစ်လုံးလောက်မူးမလဲ ဆိုတာပိုအရေးကြီးတယ် လူငယ်ခြေတက်တွေ လူကြီးခြေကျတွေ
ကျေးဇူးပြုပြီးလမ်းဖယ်ပါ တပတ်လုပ် တစ်ပတ်သောက် တစ်ပက်ထက်ပိုသောက်ရင်
မှောက်တော့မယ်ဆိုတဲ့ လူကြီးလက်ကျတွေ လူငယ် လက်မတက်တွေ ဘေးနားလေးကို ဖယ်ပါ
ရှောင်ပါ ကြည့်လုပ်တာပေါ့ကွာ မျက်စိမှိတ်ထားလိုက် မျက်မှန်ကို ကာလာစုံတပ်ထားလိုက် လိုက်
လိုက် လိုက်တယ် ပြေးတယ် အသင်းနဲ့ အံဝင်ဖို့ကြိုးစားရဦးမယ် အသင်းဟောင်းက
ဆန်းဈေးမတတ်နိုင် ဆီဈေးမတတ်နိုင် နိုင်မယ်ထင်တဲ့ ကွင်းလောက်ပဲရွေးကန် ရတာဆိုတော့
ကျုပ်တို့လည်း လိုသလောက်တော့ လုပ်ပွဲဆွဲရတာပေါ့ တိုက်တစ်လုံးကားတစ်စီး
တစ်လဘယ်လောက်ဆိုတော့ သူသူငါငါ အဝေးကွင်းတွေကြီးလှိမ့်ကန်ကြတာပေါ့ အဝေးကွင်းမှာ
တီတီတာတာလေးတွေ စိမ်းစိမ်းစိုစိုလေးတွေ နှစ်ရာသီစာလောက်တော့ စာချုပ်ချုပ်ထားလိုက်တယ်
အသက်က လည်း ၁၀ ကျော် ၅နှစ် ဆိုတော့ မနူးမနပ် နူးပြီးနှပ်ပြီးသားဆိုပြန်တော့လဲ
ခူးပြီးခပ်ပြီးစားလိုက်ကြ အိတ်ကြီးဖောင်းလာတော့ စိတ်ကြီးတွေပြောင်း စိတ်တွေရောင်း စိတ်တွေဝယ်
အဆိပ်တွေ သယ်လာတဲ့ လူမမယ်မလေးက တန်းဆင်းဇုံထဲ ရောက်နေတဲ့ အသင်းလဲ
အမှတ်ခွဲပေးလိုက်တာပဲ မည်းမည်းသည်းသည်းနဲ့ ခွဲခံလိုက်ရတော့ လဲကျန်ခဲ့တဲ့ ပုလင်းက
တစ်လုံးတစ်ပိုင်း အမြည်းက ရောက်တတ်ရာရာ ပိုက်ဘောမိတယ်ဆိုတာကတော့
လက်သိပ်အားကိုးခဲ့ကိုးဗျ ပြောလို့မဆုံးဖူး  ရွှီခနဲ ရာသီဝက်ကပြီးသွားတယ်
နွေရာသီဈေးကွက်အဖွင့်မှာ ဘယ်အကွက်က ရေပိုပွက်မယ် ဘယ်အကွက်ကို ဘယ်အစာနဲ့မျှားမယ်
ဆောင်းရာသီမှာ အိပ်မက် အကြီးကြီးမက်လိုက်မယ် ။
မောင်မိုးချို
ကျမဘဝရဲ့ နောက်ဆုံးအပိုဒ်ကို ရှင်ခဏခဏဖတ်ပြစရာ ဘာအကြောင်းမှမရှိဘူး
ကဲပြောပါဦး ကျမရောဂါကဘာတဲ့လဲ ဘယ်လိုကဘယ်လို ဒီကူးစက်မြန်ပြင်းထန်ကြီး ဒီဝိပါကဝဋ်ကြီး ကျမဆီရောက်လာရတာလဲ
ရှင်ဘာကို နှုတ်ဆွံ့နေတာလဲ ရှင်သိသမျှပြောပြဖို့မလိုဘူးလို့ ဆုံးဖြတ်ပြီးသားဖြစ်နေလို့လား ကော်ဖီတစ်ခွက်စာလောက်ဖြစ်ဖြစ်
ဝီစကီတစ်ပက်စာလောက်ဖြစ်ဖြစ် ကျမဘက်က မျှော်လင့်ခါင့်ကို ရှင့်မျက်နှာသေကြီးနဲ့ ပိတ်ဆို့မပစ်စမ်းပါနဲ့
ကျမကိုပျော်အောင်ထားမယ်ဆို ကျမနှုတ်ခမ်းတွေပေါ် ဖိကပ်ထားတဲ့ ရှင့်စိတ်ကူးလေး အကောင်ပေါက်ပြီ အတောင်အလက်စုံပြီဆို
ရှင်အခုသွေးရိုးသေးရဲ့လား ကျမသွေးတွေရှင့်ဆီကူးလူးခဲ့တာကြာပြီပဲ အချမ်းပြေဖို့ပဲဖြစ်ဖြစ်လိုအပ်မှုအရပဲဖြစ်ဖြစ် ကျမရင်ခွင်ကိုအသုံးပြု
နိုင်ပါတယ် အရာရာပါပဲလေ ရှင့်အတွက်ဆို ကျမရဲကအရာရာပါပဲ ဒါပေမယ့် ရှင်ဒါကို ရွံစရာအဖြစ်တွေးခေါ်တတ်ခဲ့ပြီဆိုရင်တော့
ဝမ်းနည်းစရာပဲ အခု ဘယ်အချိန်ရှိပြီလဲ ဒီနေ့ဘာအထိမ်းအမှတ်နေ့လဲ ဒီကိုရောက်လာတာဘယ်နှရက်ပြည့်ပြီလဲ ကျမဘာကိုမှ
မစဉ်းစားချင်တော့ဘူး အရင်လို ရှင်နဲ့အတူတူကပွဲခန်းမတွေဆီ မသွားနိုင်တာကိုတော့ ရှင်ခါင့်လွှတ်ပေးပေါ့ ရှင်နားလည်ထားတဲ့
လူ့ဘဝအဓိပ္ပါယ်ကို ကျမကိုတစ်ခေါက်လောက်ပြောပြပေးပါဦး အထပ်ထပ်အခါခါ ပြောပြပေးပါဦးရှင်ရယ် ကျမကိုချစ်တယ်လို့
တိုးတိုးလေးပြောပေးပါဦး အိပ်ရာဝင်တေးတွေမှည့်ကြွေနေတဲ့ နွေဦးရာသီစိမ်းစိမ်းလေးနဲ့ ခရမ်းပြာခန်းဆီးဇာပဝါတွေ
မိသားစုဓါတ်ပုံလေးလဲ ဖုန်တွေကျပ်ခိုးတွေကြားထဲရောက်နေမှာပဲ ဒီအချိန်ဆိုရှင့်သူငယ်ချင်းတွေ မျှော်နေတော့မယ် ကျမကိုထားခဲ့ပါ
မီးဖိုခန်းထဲမှာ ဝိုင်နည်းနည်းရှိလိမ့်ဦးမယ် ရှင်သောက်ဖို့ပဲချန်ထားတာ ရှင်ဘာမှပြန်မပြောတော့ဘူးလား ကျမကို
တစ်ခုခုပြန်ပြောသင့်တယ်ထင်လို့ပါ မျက်လုံးအကြည့်နဲ့ပဲဖြစ်ဖြစ် နောက်ဆုံး နှလုံးခုန်သံလေးတစ်ချက်လောက်နဲ့ဖြစ်ဖြစ်တော့
ကျမကိုဆက်သွယ်သင့်တာပေါ့ရှင်
A မွန်
ကျွန်တော်သီကျူးရေးဖွဲ့မိသော ငပေါမလေးတစ်ကောင်အကြောင်း
ကျွန်တော့်ထံတွင် သတ္တုလူသားဆန်ဆန်သူငယ်ချင်းမတစ်ယောက်ရှိသည်။
ကျွန်တော်သည်ယောင်္ကျားစစ်စစ်တစ်ယောက်ဖြစ်ပြီးသူမသည်မိန်းမစစ်စစ်တစ်ယောက်ဖြစ်သည်။
ဇီဝဗေဒနည်းအရသေခြာစွာခွဲခြမ်းစိတ်ဖြာရလျှင်ကျွန်တော်သည် လူသားအထီးတစ်ကောင်ဖြစ်ပြီး
သူမသည်ကားလူသားအမတစ်ကောင်ဖြစ်ပေသည်။သူမသည်ကျွန်တော့်အပေါ်မတော်တဆကောတမင်တကာပါ စိတ်ကောက်စိတ်ဆိုးပြတတ်သည်။သူမသည်နှင်းဆီအနီရောင်များကိုမုန်းတီးပြီး ဗေဒါပင်များကိုနှစ်သက်တတ်သူတစ်ယောက်ဖြစ်သည်။ သူနှင့်ကျွန်တော်သည် သူငယ်ချင်းများ ဖြစ်သည်။သူမ၏အမည်ကိုစတင်တွေ့ရှိစဉ်ကနှင်းများဝရုန်းသုန်းကားရွာနေပေသည်။
ကျွန်တော်တို့ နှစ်ယောက်ကြားတွင် စိတ်ခံစားမှုများ ချရေးဖို့ တစ်ယောက်တစ်ဝက်ရေးသည့်
ဒိုင်ယာရီစအုပ်လေးမရှိပါ။သို့သော် ဂျီတော့ဘောက်စ်လေးတစ်ခုတော့ရှိခဲ့ပါသည်။သူမစိတ်ညစ်သည့် အခါတိုင်းပြောပြတတ်သလိုကျွန်တော်စိတ်ညစ်အခါတိုင်းလည်းဖွင့်ပြောဖြစ်ပါသည်။
နင်ကအရမ်းကဗျာဆန်ချင်တဲ့ကောင်လို့ ပြောတတ်တိုင်းကျွန်တော်စိတ်မဆိုးမိခဲ့။နင်ကလည်း ဒုံးဝေးလိုက်တာလွန်ရောလို့ကျွန်တော်ပြန်ပြောတိုင်းလည်းသူမစိတ်မဆိုးတတ်ခဲ့အဲလိုပြောဖြစ်တဲ့ အခါတိုင်းသူမရီမောနေမှာသေချာပါသည်ဒါပေမဲ့သူမမျက်နှာလေးကိုကျွန်မမြင်ရခဲ့ပါ ။
သံယောဇဉ်သည် စိတ်၏ မည်သည့်အပိုင်းကို ချည်နှောင်ထားမှန်း မသိသော်လည်း ရုန်းထွက် မရမှန်းတော့ ကျွန်တော်သိပါသည်။ယခုအချိန်အထိကျွန်တော်တို့နှစ်ယောက်၏ စမ်းချောင်းလေးမှာ အဖြူရောင် ရေတွေ စီးဆင်းနေဆဲ ဖြစ်ပါသည်။ကျွန်တော်သက်ပြင်းချသံနှင့် သူမအသက်ရှုသံများ ထိပ်တိုက်တွေ့ဆုံဖူးခြင်းမရှိခဲ့ပေ။ ဒီလိုနဲ့သူမနှင့်ကျွန်တော်ဖြူစင်စွာမိုက်မဲကြသည်။စိတ်တူကိုယ်တူမှား ယွင်းကြသည်။ ပေပေတေတေရူးသွပ်ကြသည်။ တကယ်တော့ကျွန်တော်တို့နှစ်ယောက်စလုံး ထင်ရာ ကိုဇွတ်လုပ်နေကြခြင်းမဟုတ်ပါ။လွတ်လာစွာရဲရင့်နေခြင်းပင်ဖြစ်သည်။
မှတ်မိသေးပါရဲ့
ငါတို့နှစ်ယောက်ဆုံတွေ့ခြင်းနမိတ်ပုံတွေက
သူလိုကိုယ်လိုပါပဲလေ
လွမ်းလားလို့မေးရင်
ငါ မဖြေတတ်ခဲ့ဘူး
ရူးတယ် ။
အသိတစ်ခုနဲ့
သံယောဇဉ်တွေယက်ကန်းရက်
ပိုးမျှင်လိုအထပ်ထပ်ရစ်တွယ်
လွမ်းလားလို့မေးရင်
သူမ, မဖြေတတ်ခဲ့ဘူး
ရူးတယ် ။
စကားပြောရင်းမိုးလင်းသွားတဲ့ညမဖြစ်ခင်တစ်ရက်အလိုကသူမမျက်ရည်ကျပါသည်။
ဘာကြောင့်ကျမှန်းဆိုတာကိုတော့သူမရောကျွန်တော်ပါသိလိုက်ပါသည်။
သူမရဲ့မျက်ရည်စီးကြောင်းလေးတွေရပ်တန့်သွားအောင်အကောင်းဆုံးနည်း အဖြစ်
သူမညာဖက်ပါးလေးကို ကျွန်တော် နမ်းမိပါသည် ။ညင်သာနှုးညံ့စွာဖွဖွလေး နမ်းလိုက်မိသည်
ကျွန်တော်နမ်းလိုက်ခြင်းကိုသူမမသိခဲ့ပါ သိလိမ့်မည်လည်းမဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သူမမသိအောင်ကျွန်တော် စိတ်ကူးဖြင့်ခိုးနမ်းလိုက်ခြင်းဖြစ်သည်။အဲလောက်အထိကျွန်တော် ရူးသွပ်ခဲ့ပါသည်။သူမသည်တစ်ခါတစ်လေ ကလေးအရမ်းဆန်တတ်သလိုတစ်ခါတစ်လေတော့ ခပ်တည်တည်ကြီးလုပ်နေတတ်သည်။ထိုအချိန်မျိုးတွင်သူမကိုကျွန်တော် ငပေါမလေး ဟုခေါ်တတ်ပြီး သူမက ကျွန်တော့်ကို အရူးကြီးဟုပြန်လည်ခေါ်ဆိုတတ်သည်။အရူးနဲ့ငပေါဆိုတာဒွန်တွဲနေတာဟု ကျွန်တော်ပြောသာအခါ သူမရီ(ရယ်မော) နေတတ်သည်။
နင်သိရဲ့လား
တစ်ခါတစ်ခါ
ကောင်းကင်အောက်မှာနေရာတာ
မိုးမြိုမှာကြောက်တယ် ။
ငါ့ရင်ခုန်သံတစ်ဝက်ကို
အပိုင်သိမ်းထားတဲ့
ငပေါမလေးရယ်
ငါလည်း မိုးမြိုမှာကြောက်တယ် ဟဲ့
ဤသို့ဖြင့်...သူမသည် တော်၏။ ဘာမဟုတ်သည့် နေရာ၌လည်း တော်၏။သို့သော်သူမသည် တစ်ခါတစ်လေ အူကြောင်ကြောင်နိုင်လေ့ရှိပါသည်။ ကျွန်တော့်အပေါ်သူမရန်မလုပ်ဖူး သလို ကျွန်တော်လည်းရန်မရှာခဲ့ဖူးပေ။တစ်ယောက်နဲ့ငြင်းခုန်ဖူးခြင်းမရှိခဲ့ပါဘာအရောင်ကြိုက်လဲဟု ကျွန်တော် မေးမြန်းသောအခါအပြာနဲ့ခရမ်းရောထားသော ခရမ်းပြာ ဟုဖြေသည်။တစ်ခါတစ်လေ စကားကို ဒီလိုမျိုး ခွတီးခွကျပြောတတ်သေးသည်။ ခရမ်းပြာ လို့ဖြေလိုက်ယုံနှင့်မပြီး ပိုသေချာအောင် အပြာနှင့် ခရမ်းရောထားသောအရောင်ဖြေခြင်းဖြစ်ကြောင်း စိတ်လိုလက်ရရှင်းပြတတ် သေးသည်။ ကျွန်တော်ကစိတ်ကူးတည့်ရာကို ရှုပ်ရှုပ်ထွေးထွေးပြောလျှင် သူမသည် အရေးပါသော အရာများကို ရိုးရိုးစင်းစင်း ပြောသည်။ ကျွန်တော်ကချစ်သူတစ်ယောက် အတွက် ဘ၀ကိုစဉ်းစားလျှင် သူမကဘ၀အတွက် ချစ်သူကိုစဉ်းစားသည်။
ငပေါမလေးရေ
နင်ကလည်းနင်ပါပဲ
ရွာရိုးကိုးပေါက်လျှောက်ပြီး
အိပ်မက်တွေကို မျှားနေတုန်းလား ။
နင်အိပ်မက်တွေနဲ့
မြင်းစီးထွက်တဲ့ ညက
ငါ့ကောင်းကင်ကကြယ်တွေ
အတင်းပြောတဲ့ပွဲမှာ
နင်ပါဝင်ခဲ့တာ
သိနေပါတယ် ။
တစ်ခါတစ်လေ ဒီလိုမျိုးလေးလည်း ပေါတောတောနိုင်လိုက်ပြန်သေးတယ်။ လေလှိုင်းမှလာသော စကားလုံး ၀ိဝါဒအရသူမနှင့်ကျွန်တော်အိပ်မက်တစ်ချို့အတူတူမျှားဖြစ်ခဲ့ကြသည်။လွှင့်ပါလာသော စကားလုံးများကားဖမ်းဆုပ်၍မရနိုင်မှန်းသူမရောကျွန်တော်ပါသိကြပါသည်။သို့သော် သူမနှင့် ကျွန်တော် အိပ်မက်များကို မျှားနေကြတုန်းပင်ဖြစ်သည်။ အခုအချိန်အထိ တစ်ယောက်ရင်ထဲမှာ တစ်ယောက်သံယောဇဉ်တွေအမြစ်တွယ်နေကြတုန်းပင်ဖြစ်သည်။သူမသည် ကျွန်တော့် အိပ်မက်များကိုသိမ်းပိုက်စပြုနေသာကိုလိုနီအလိုတော်ရိတစ်ယောက်ဖြစ်နေပေသည်။
ကျွန်တော်ဆိုတဲ့ကောင် သူမမျက်ဝန်း ညိုညိုလေးအောက်မှာ သူမရယ်သံလေးအောက်မှာ ကျဆုံးချင်သူတစ်ယောက်ဖြစ်ခဲ့ပြီး သူမကတော့ ဘယ်လိုအောင်နိုင်မှုမျိုးချင်ခဲ့လည်း ဆိုတာကျွန်တော်မသိခဲ့ပါ။ကျွန်တော်တုံးတာလည်းဖြစ်နိုင်ပေသည်။ကျွန်တော် ထုံအ ခဲ့ပါသည်။
ဟုတ်လည်းဟုတ်ပေသည် ကျွန်တော်ဆိုတဲ့ကောင်က သူမရင်ကို ကျွန်တော်မြင်အောင် မကြည့်နိုင်ခဲ့သေးပါ။ဒီလိုမျိုး တုံး အ ခဲ့ခြင်းပါ။သူမသည် ကျွန်တော့်ကို နာကျင်အောင် ပြုလုပ်လှည့်စားနိုင်သော မာယာရှင် နတ်သမီးတစ်ပါးမဟုတ်တာတော့သေချာပါသည်။
ငပေါမလေးရေ
နင့်မျက်ဝန်းတွေ ဘာသာပြန်တတ်ဖို့
ငါ့ရာဇ၀င်ကိုမြေလှန်ရဦးမယ်
နင်အပျော်ဖတ်ဇာတ်လမ်းထဲက
မင်းသားလေးလို
ငါ့ကို ဖတ်ပါ ။
ငါနင့်ကိုချစ်တယ်..နင်ယုံလား လို့ကျွန်တော်မေးတိုင်း ယုံဝူး ဟုတ်လဲဟုတ်ပဲနဲ့ ဟုပြန်ဖြေတတ်သော
သူမကိုယ်ပိုင်ဟန်လေးကို ကျွန်တော်အလွတ်ကျက်ထားစရာမလိုပဲ မှတ်မိနေပေသည်။
သူမရဲ့အမူအရာ လေးများကို ဘာသာပြန်ဖို့ကျွန်တော်ကြိုးစားရဦးမှာသေချာပေသည်။သူမအကြောင်း သည်ကျွန်တော့်အတွက် ကဗျာတစ်ပုဒ်ဖြစ်ပြီး ကျွန်တော့်အကြောင်းသည်သူမအတွက်ပုံပြင်မဆန် သော ပုံပြင်တစ်ပုဒ်ဖြစ်ကောင်းဖြစ်နိုင်ပေသည် ။အခုချိန်အထိ ကိုယ်ယောင်ပြချင် သလိုပြသခွင့် မရသောသရဲတစ်ကောင်လိုကျွန်တော်ချစ်ခြင်းတွေ ဝေတုန်းဝါးတုန်း။ သူမနှင့် ကျွန်တော်ရဲ့ အဖြူရောင်စမ်းချောင်းလေးကတော့ စီးဆင်းလို့ကောင်းတုန်း ။
ငပေါမလေးရေ
တဒင်္ဂနှုတ်ဆက်ခွင့်ပြုပါ
အခုချိန်ဆို
နင်ငိုနေမလား
ဘုရားသခင်ပေးတဲ့ဆုဟာ နင် ဖြစ်ပါစေ ။
အမည်မဲ့
ရုပ် မြင် သံ ကြား
သစ်ရွက်ခြောက်တွေ သစ်ကိုင်းခြောက်တွေ တစ်ယောက်ကောက် တစ်ယောက်စု တိုင်ပင်ထားကြသလိုမျိုး
တစ်ပြိုင်တည်း စုပေါင်းမီးရှို့ စိုစွတ်မြေနီလမ်းတွေပေါ် တအုံနွေးနွေး ပျံ့လွင့် မီးခိုးဖွေးဖွေးဖြူတွေ
ဘုရားကျောင်းရဲ့ညနေခင်းခေါင်းလောင်းသံချိုချို ထွေးပိုက်သယ်ဆောင်လို့ ။ ဖယောင်းတိုင်မီးမှိန်မှိန်လေး
သံစဉ်လေးအငြိမ့်ညောင်းဆုံး တစ်ခါတည်း အသေမသတ်သေးဘဲ ခြေချောင်းလေးတွေ လက်ချောင်းလေးတွေ
တစ်ချောင်းပြီးတစ်ချောင်း တစ်ချောင်းပြီးတစ်ချောင်း ဓါးကလည်းမထက် စိတ်အေးလက်အေး စိမ်ပြေနပြေ
တစ်တိတိ တစ်တိတိ အိုး....တကယ်ကိုကြည်နူးစရာ ။ အိမ်တံခါးကိုလာလာခေါက် ဘယ်လောက်ကြာကြာ
ငြိမ်ငြိမ်ပဲစောင့်ကြည့်အခါခါ လူခေါ်ခေါင်းလောင်းရှိရဲ့သား တံခါးပဲစွတ်စွတ်ခေါက်နေတာ ခေါက်ဟန်
ခေါက်သံအသွားအလာ အချိန်အခါ ဘယ်သူဘယ်ဝါခန့်မှန်း ခြေထောက်တွေကတော့ တံခါးဆီရောက်လာ
အပြင်ကအတိုင်း တစ်ထပ်တည်း ပြန်ခေါက်မလား ။ မနေ့တနေ့ကလက်ခံရရှိ အဝေးကကြေးနန်းစာ
မဖွင့်ဖောက်ပူဇော် ဘုရားစင်ပေါ် ။ ထိုင်လျက် ထလျက် လဲလျောင်းလျက် တိုင်ကပ်နာရီကိုတစ်ချက်တစ်ချက်
လှမ်းကြည့် ဘာရယ်မဟုတ် အံဆွဲထဲက ဖုန်းနံပါတ်တွေမှတ်ထားတဲ့စာအုပ် ထုတ်ယူ
စာရွက်တွေတစ်ရွက်ပြီးတစ်ရွက် နံပါတ်တွေတစ်ခုပြီးတစ်ခု ခေါ် ကြုံရာကျပန်း တစ်ဘက်ကတစ်ခုခုပြော
ဆိတ်ဆိတ် တုဏှိဘော ပြန်ချ နောက်တစ်ခုမခေါ်ခင် အမှတ်မထင်ထမြည်ကိုယ့်ဖုန်း စိုက်ကြည့်
အသံကိုသာယာ ကောက်ကိုင် တစ်ဘက်ကဘာမှမပြောခင် ကိုယ်ကအရင် ဦးအောင်ဆဲဆို ။ မနင်းရ
ရေးထားပေမယ့် ဖြတ်သန်းသွားလာခြင်းမပြုရ ရေးထားပေမယ့် သြော် ခွေးကတော့ဘယ်သိမလဲ ပူပူနွေးနွေး
 အင်္ဂတေစိုစိုပေါ် ဖြတ်အပြေး နောက်နေ့ အရောက် ခြောက်သွေ့သလောက် မြင်သူငေးစရာ
အထင်းသားသူ့ခြေရာ ။ မြူခိုးတွေထူထပ် ဆီးနှင်းတွေအုံ့ဆိုင်း မှုန်မှုန်မှိုင်းမှိုင်းပတ်ဝန်းကျင်မှာ ဟိုနားသည်နား
ကောင်းကောင်းကန်းကန်း လှမ်းမမြင်ရပါ ။ အမှတ်တမဲ့ အလည်အပတ်ရောက်ရှိစဉ်မှာ မြေအောက်ခန်းထဲ
ရှုပ်ထွေးပြန့် ကြဲ ဖဲချပ်တွေ ပြောင်းပြန်ချိတ်ထား ဓါတ်ပုံတွေ အသုံးမပြုတာကြာပြီလား အမျိုးအစားကောင်း
ဖုန်တက် အသံချဲ့စက်တွေ ။ အချိန်အခါမဟုတ်ကြီးပါ မိုးတွေရွာနေတာ ဓမ္မတာမဟုတ်သောနည်းလမ်းတွေမှာ
တရှိုက်မက်မက် ခုံမင်စွာ ။ အေး ဆေးလိပ်မတိုက်ရင် ဘာမှမတိုက်နဲ့ အစာပိုက်တွေ ဆေးပိုက်တွေ
သွေးပိုက်တွေ အကုန်ဆွဲဖြုတ် ပါးစပ်ထဲဘာရောက်လာမလဲ အကုန်ထွေးထုတ် ဖန်ခွက်ထဲကရေနဲ့
သူနာပြုဆရာမရဲ့မျက်နှာကို ကောက်ပက်ပစ်တယ် ကယောင်ကတမ်း သွေးရူးသွေးတန်း
ကြောက်အားလန့်အား ထထအော်ဟန်ပြုတယ် ။ အလင်းရောင်ကောင်းကောင်းမရ
လေ၀င်လေထွက်ကောင်းကောင်းမွန်မွန်မဟုတ် ညစ်ပတ်ပေကျံ စင်္ကြံလမ်းတစ်လျှောက်
ရေမွှေးနံ့တွေတထောင်းထောင်း ဆေးရုံနံ့တွေတထောင်းထောင်း ။ သူများမိသားစုဆိုပေမယ့် သွေးနုသားနု
မီးနေသည်နဲ့မွေးကင်းစကလေးဆိုပေမယ့် သတ်သတ်ခွဲထားရတာ ကိုယ့်ကလေးကိုယ်ကိုက်ကိုက်စားပစ်တာ
ကြောင်စုန်းဘာညာကတော့ သူတို့အသုံးပါ နွားနို့တိုက်မွေးရမှာ ဆရာဝန်နဲ့ကတစ်လတစ်ခါ ။
ဘာမှန်းမသိတဲ့အကောင်တွေ မြင်မြင်နေ ဘာမှန်းမသိတဲ့အသံတွေ ကြားကြားနေ ခြေတွေလက်တွေလည်း
လုံးလုံးလှုပ်မရ တစ်ယောက်ယောက်ကိုအော်ခေါ်မလို့ ပါးစပ်ကနည်းနည်းမှဟမရ လေထဲကို အလိုအလျောက်
ခန္ဓာကိုယ်ကြီး မြောက်တက်လာ ။ မှတ်မိလား မေး တစ်ချက်စိုက်ကြည့်ပြီး ဖြေမလို မျက်နှာလွှဲ ။ အချိန်မရွေး
နေရာမရွေး ဖော်ပြချင်သူပါ ။ စကားပြောသံကြားတယ် စကားပြောသံဆိုတာထက် ရန်ဖြစ်သံ ထပ်မံဖြည့်စွက်
ဟိုဘက်ကရပ်ကွက် ရပ်ကွက်ရှိရင် လင်မယားရှိ လင်မယားရှိရင် ရန်ဖြစ်သံရှိ တစ်ယောက်တည်းပြောတယ် ။
အခေါ်လွှတ်လိုက်သော ကြယ်တံခွန်တစ်ခု၏ အလိုတော်အရ ။ ခြံစည်းရိုးဆေးသုတ် နည်းနည်းပါးပါးကူညီ
ပျော်ပျော်ရွှင်ရွှင်စီးမျော ကော်ဖီတိုက် သတင်းစာထဲက မြင်ရကြားရ အနည်းအကျဉ်း စကားစမြည်
ပစ္စည်းပစ္စယတွေ ပရိဘောဂတွေ အထားအသို အရွှေ့ အပြောင်း နေရာချ အစအဆုံး အားလုံးပြီးသွားမှ
နောက်တစ်မျိုးထပ်စဉ်းစား အခြားနေရာ ။ ညစဉ်ညစဉ် တစ်ဝက်တစ်ပျက် အိပ်ရာဝင်ပုံပြင် ။
ကလေးကိုခင်ဗျားမရိုက်နဲ့ ကလေးကိုခင်ဗျားရိုက်ရင် ခင်ဗျားကိုဘုရားရိုက်မှာ ဘုရားကခင်ဗျားကိုမရိုက်ရင်
အားလုံးကခင်ဗျားကိုဝိုင်းရိုက်မှာ ။ ဟော လာပြီ တဖွဲဖွဲ ရောက်လာကြပြီ တောက်တောက်ပပ
ညနေခင်းဝတ်စုံတွေနဲ့ ပြုံးရွှင်ရယ်မော မျက်နှာပေးတွေနဲ့ အချိန်ယူပြင်ဆင်ထားတဲ့ ညစာစားပွဲမှာ
ညစာသုံးဆောင်ကြဖို့ ရောက်ရှိလာကြပေါ့ ညစာ ညစာတွေ ။ ။
ဟံလင်း
သွား . . . . .ကိုက်လို့ . . . .
ဝမ်းနည်းပါတယ်လို့ စာတန်းတွေကြွေကျလာတယ်၊ ပီယာနို၊ ဓမ္မတေးနဲ့၊
ကြောင်ကလေးတစ်ကောင်တညောင်ညောင်ပါပဲ၊ကြည်လောင်လောင်တနင်္ဂနွေတစ်နေ့ဆီက၊လုပ်ကြံမှု
တစ်ချို့တစ်ဝက်ပါ၊ ဖန်ခွက်နှုတ်ခမ်းမှာ စွန်းထင်သွားတယ်၊ တရိပ်ရိပ်နဲ့၊
ပါးတစ်ခြမ်းယောင်နေတယ်၊ ကိုယ်ရယ် ကိုယ်လို့ထင်ရတဲ့ အခြားတစ်ယောက်ရယ်
သွားကိုက်နေတဲ့ ဝေဒနာအစွဲအလန်းနဲ့လျှောက်ပြေးတယ်၊ ပိုးဟပ်တွေလိုပဲလို့
ကိုယ်တို့ ရယ်မိကြသေးတာလား၊ သွားကြားညပ်သလို
ပျော့စိစိမြင်ကွင်းကိုအလိုမကျ၊ ကျီးအာသံတွေ ပြတင်းပေါင်မှာ ပေနေတယ်၊
တိမ်ပြာပြာသံချေးတက် အသံတိတ်
ရှုံးနိမ့်သွားတယ်လို့မငိုကြေး၊ဘာတွေရလာလဲလို့ လျှောက်အော်တယ်၊
ပိုက်ထဲဝင်တိုး သေနေတဲ့ ငါးတွေ၊
(သူတို့)မျက်လုံးပြူးကြောင်ကြောင်ကိုကြည့်ပီး ပျော်ရွှင်နေမိသလား
မသိပါဘူး၊ လက်မှာကပ်ပါနေတဲ့ ငါးညှီတွေကို ရှူလိုက်တော့မှ
အမူးပြေသွားသလိုလို၊ သူတို့ သေသွားတာလား၊ အရိုးစူးနေတဲ့
အကြည့်တွေထွင်လို့မရဘူး၊ မိုးကိုမျှော်တယ်၊ ဇောက်ထိုးကြီး ၊
နေလည်ခင်းဟာပျံလို့မရဘူး၊ တိုင်တွေကိုဝင်ဆောင့်နေလို့ ဒဏ်ရာအနာတရ
ထုတ်ပြလာတယ်၊ ဒီမှာ အကြာကြီးရပ်နေတာ
ရေပိုက်ခေါင်းအ၀မှာပိတ်ဆို့နေတာကြာပြီ၊ ဖော့တုံးအဆွေးကြီးကို
မျှော်လင့်တယ်၊ ရိရွဲထွက်ကျလာမယ့်နေ့ ပြန်လာခဲ့မယ်၊
သပ်သပ်ရပ်ရပ်အမှန်ခြစ်ကလေးတွေလိုက်ထည့် ထားပါ၊အာရုံကိုဖျက်ပစ်ဖို့ ၊
ရယ်ရမောရ၊ မိတ်ကပ်တွေ အဖွေးသားနဲ့ ကိုယ့်တို့မျက်နှာကြီးရယ်၊
မျက်ခုံးမွေး ထူလပျစ်ကြီးရယ် ၊လင်းထိန်နေတာ သဘာဝကျထယ်လို့ထင်တယ်၊
ဘော်ကြယ်တွေနဲ့ဆိုတော့ မခက်လား၊ ပျော်မယ်ထင်ရင် ညစ်ပေနေတဲ့
ခြေထောက်ကြီးကို အရင်ဆေးကြောပစ်လိုက်ဖို့၊ ပြီးရင်စာသားတွေပေါ်တက်ခဲ့ပါ၊
ပြတင်းပေါက်ကို တစ်ဝက်ဖွာ၊တစ်ဝက်ကို မီးခဏသတ်ထားမယ်၊ “ လာခဲ့ပါဝင်ခဲ့ပါ”၊
ချွေချွေတာတာ သုံးစွဲပါ၊ အားလုံးအတွက် အညစ်အကြေးစစ်စစ်တွေ
နာနာကျင်ကျင်တွေ့ရှိထားတယ်၊ အမှောင်မတိုင်ခင် ကြမ်းပြင်ကြီးလည်း
လည်နေတယ်၊ ဒီလိုနေ့တွေညတွေမှာ ခဏနေရင် အမှောင်ကို ဖရဲသီးတစ်လုံးလို
ခွဲစားပစ်ဖို့ ကလွဲလို့ ဘာမှမကျန်တော့မှာ စိုးရိမ်မိတယ်၊ ဓါတ်ပုံထဲမှာ
သွားကြီးဖြဲပြီးပြုံးနေတဲ့ ကမ္ဘာလုံးပုံလေးကို မြင်လိုက်ရဲ့လား၊ ငယ်ဘဝ
အဖြစ်အပျက်တစ်ခုနဲ့ ခပ်ဆင်ဆင်၊ အခုတော့ အကြာကြီး အသက်အောင့်ထားနိုင်ဖို့၊
လည်ပင်းအစ်နေသလိုလို မျက်နှာပေးနဲ့ ကြောင်ကလေးတစ်ညောင်ညောင်၊
ဘုရားသခင်ရဲ့ကြေကွဲဖွယ် မျက်ဝန်းကို ကိုက်ချီလာတယ်လို့ပြောသွားတယ်၊
မှတ်မိသေးလား . . . . . . ရင်ခုန်စရာသိပ်ကောင်းတာပဲ၊ စွန့်ပစ်ပစ္စည်းလို
ကိုယ်တို့ရဲ့ နုပျိုမှုလေ၊ မုန်လာဥတွေ မုန်လာဥလို ၀ဖီးဖောယောင်လို့၊
ကြည့်ရတာ ရင်ခေါင်းထဲ ချွဲတွေထလာသလိုလို တစ်ဖက်ခန်းမှာ ရင်ဘတ်ကိုဟ
တကန့်စီမီးမှိတ်လို့၊ တောင့်တင်းနေတာပဲ၊ စိုစိုစွတ်စွတ်
ထောင့်မှာအိပ်မောကျ အအေးမိတာကြာပါပြီ၊ စောင့်နေတဲ့ရထားနဲ့ ၀င်ဆောင့်မိရင်
အဆင်ပြေနိုင်မလား၊ အောင်မြင်မှု ဘယ်နှအောင်စနဲ့ ဖြတ်ကြိတ်ခံကြမလဲ၊
တိုက်အမြင့်ကြီးတွေပေါ်မှာ တဟူးဟူးရှိနေတယ်၊ တိမ်တွေ
ကိုယ်တို့သွေးကိုသောက်ထားတာနီရဲလို့၊ နှုတ်ခမ်းတွေ နူးအိနေတာ ပိုလှသလိုပဲ၊
ခြေရာကြီးတစ်ထည်ကို တစ်ယောက်တစ်ဝက်ခြုံထားပါတယ်၊ ကိုယ်တို့
လျှောက်ပြေးမလို့ပါ၊ တနင်္ဂနွေ၊ ပီယာနို၊ ဓမ္မတေးနဲ့၊ ချောင်းဆိုးသွေးပါ
အနန္တ စကြာဝဠာဆီကပါ၊ ကျေးဇူးကမ္ဘာအတွက် ဘာပါသေးလဲ?
ကိုယ်ရယ်၊ကိုယ်လို့ထင်ရတဲ့တစ်ယောက်ယောက်ရယ်
ပါးယောင်ယောင်ကြီးရယ်၊ ခိုတွေကို မေတ္တာပို့ဖို့၊ ခိုစာကျွေးဖို့ . . .။
သက်ငြိမ်သစ်
စီးကရက်
တစ်လိပ် မကုန်သေးခင်မှာ နောက်တစ်လိပ် ဒီလိုနဲ့ အရိပ်တွေ နောက်ပြီး ရင်တွေ ထိတ် .. ထိတ်ထိတ်ပြာပြာနဲ့ လူဆိုတဲ့ ပြေးလမ်းကြောင်းထဲ ရောက်မိရောက်ရာ ... ရောဂါဝင်တဲ့ စိတ်တွေကို တစ်လိပ် မကုန်သေးခင် နောက်တစ်လိပ် ပြာတွေလည်း ရိပ်ခနဲ ထိတ်ခနဲ ငါတို့ရောက်ရာပေါက်ရာကို ခြေချောင်းတွေဆန့်ထုတ်ခဲ့ကြတယ်။ ရုပ်သေး မင်းကြားမိလား အသစ်ထွက်တဲ့ ဗီဒီယိုဇာတ်ကားမှာ စက်တင်ဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာ ... ဘာ ဘာအတွက် ဘာကိစ္စ။ မင်းသားတွေ မင်းသမီးတွေ။ သားသမီးတွေ။ မင်း နဲ့ ငါ ။ နောင်နှစ်ပေါင်း တစ်စုံတစ်ရာ တစ်ခု ၅၀ ပေါ့။ ဆေးဆိုးပန်းရိုက် မျက်နှာဆိုတာ ကိုညီထွဋ်ဆိုထားတဲ့ သီချင်းတစ်ပုဒ်။ ခေတ်သား ခေတ်သမီးတွေ ဘယ်နှစ်ရောင်ခြယ်ကြလည်း။ ကြယ်တွေ ကြွေတာ အရမ်းလှနေတယ်။ ရည်းစားဟောင်းကို သတိရတဲ့အခါ ငါတို့နဲ့အတူတူ မင်းသီချင်းတွေဆိုတာ ခက်တာက ငါမင်းနဲ့ သီချင်းတူတူ မညဉ်းဖြစ်တာ နည်းနည်းဆိုတာထက်ပိုကြာပြီ။ တစ်ခါခါ သူငယ်ချင်းတစ်ယောက်ကို သတိရတယ်ကွာ။ သူက စီကရက် တစ်လိပ် မကုန်သေးခင်မှာ နောက်တစ်လိပ် ဒီလိုနဲ့ သူဘ၀ရဲ့ မှိုတွေက တရိပ်ရိပ် တထိတ်ထိတ်။ ငါလည်း လွန်ခဲ့တဲ့ လွန်ခဲ့တဲ့ကို ပြန်ရောက်ရှိသွားတယ်။
တစ်လိပ်မကုန်သေးခင်မှာ နောက်တစ်လိပ် စက္ကူလိပ်တွေကို ငါတို့ ကိုက်မြိုခဲ့ကြတာ အတော်ကြာနေပြီ။ ကဗျာဆရာတွေ အဆုတ်သိပ်မကောင်းဘူး။ စက်ရုပ်တစ်ရုပ်ရဲ့ တည်ဆောက်ပုံမှာ ကဗျာဆရာတွေ အသည်း သိပ်မကောင်းဘူး။ အေးလေ လျှာနဲ့အစာအိမ်မပါတဲ့ ကောင်တွေပဲ။ ငါတို့ တစ်လိပ်မကုန်သေးခင် နောက်တစ်လိပ်။ ကဗျာဆရာတွေ အစာအိမ်သိပ် မကျယ်ဘူး။ ရေညှိထမင်းလိတ်ကို မကြိုက်တာတော့ အမှန်ပဲ။ ဆေးနဲ့လိပ်တဲ့ စီးကရက်လည်း ငါ့ အဆုတ်ကို ဆွဲဆွဲမဖြဲခင်အထိ စွဲစွဲမြဲမြဲရှိခဲ့။ ဒီလို ရုပ်သေးရ ငါက စီးကရက်ကို မေ့မေ့ပျောက်ပျောက်ထားရင်းနဲ့ပဲ စီးကရက်လို မေ့မေ့ပျောက်ပျောက်ဖြစ်မယ်ပေါ့။ တကယ်တော့ တစ်ခြား အလိပ်တွေကို ရှူလိုက် ရှိုက်လိုက်နဲ့ပေါ့။ ပေါ့တာကြိုက်ရင် ဖိနပ်တောင် မာဒီနီတို့ အေရိုဆော့ဖ်တို့ မစီးဘူး။ ဟေ့ ညီလေး “ရုပ်သေး” မင်းကဗျာထဲကလို သဝေထိုး သရေနဲ့ သေးတဲ့ ရုပ်သေးလို့။ ပေါ့တာကြိုက်ရင် ဆားတောင်မခပ်ဖူးပေါ့။ စီးကရက်ကို မသောက်ဖြစ်တော့ဘူး ငါ့ညီ။ ဒါပေမယ့် တစ်လိပ်မကုန်သေးခင် နောက်တစ်လိပ်။ ငါဖတ်ဖူးတဲ့ ကဗျာတစ်ပုဒ်ထဲမှာက တော့ ကြိုးခွေတွေပေါ့။ ငါကတော့ စီကရက်တွေလိုပဲ သတိထားမိတယ်။ ပေါ့တာကြိုက်ရင် ခဲမဆွဲဘူး။ ထမင်းချည်းပဲစား နေလိုက်မယ်။ အခုတော့ တစ်လိပ်မကုန်ခင် နောက်တစ်လိပ်ပေါ့။
တမြေ့မြေ့နဲ့ပဲလောင်သွားတာ အခုဆိုရင် ဘယ်လောက်ကြာသွားပြီလည်း။ စီးကရက် မသောက်ဖြစ်တော့ဘူး ညီ။ ဒါပေမယ့် ငါ တစ်လိပ်မကုန်ခင် နောက်တစ်လိပ်။ အိပ်မက်တွေ အရည်နဲ့ အဖတ်နဲ့ မကွဲတာ စက္ကန့်ဝက်ကျော်နေပြီ။ ဒီမှာ .. ဒီမှာ .. ကျေးဇူးပြုပြီး ရောဂါကင်းရှင်းကြောင်း ထောက်ခံစာတင်ပါ။ လမ်းဘေးချရပ်ထားတဲ့ ငါးကင်တွေနဲ့ ကမ္ဘာကြီးက ဟောင်းလောင်းပေါက်ဖြစ်နေတယ် ၂၀၆၀ ၀န်းကျင်မှာ အရင်အတိုင်းပြန်ဖြစ်မယ်ဆိုလား။ ရန်ကုန်ကတော့ သီချင်းထဲကလို အရင်အတိုင်းမဟုတ်တော့ဘူး။ လူငယ်ဆိုတဲ့ ပုံစံခွက်ထဲမှာ ငါတို့ အချိန်ဘယ်လောက်လောက်များ ဆက်ပြီး တမြေ့မြေ့နဲ့ ...။ ဒီလိုပါပဲကွာ တစ်လိပ်မကုန်ခင် နောက်တစ်လိပ်ပေါ့။ ဒီစိတ် နဲ့ ဒီအိတ်နဲ့ ဆံ့မယ်မထင်ဘူး။ ငါတို့ ဘယ်လောက်များ ကြောက်မက်ဖွယ်ဖြစ်ခဲ့သလဲ။ လွန်ခဲ့သော နှစ်ပေါင်း ဒါမှမဟုတ် နောင်နှစ်ပေါင်း များစွာ။ မီးရှို့ပစ်လိုက် တာပဲအဖတ်တင်တယ်။ လိပ်တစ်ကောင်အကြောင်းရေးထားတဲ့ ပုံပြင်မှာ။ ငါက ဆေးမိနေတဲ့ ကောင်ပေါ့။ ဘာဆေးရယ်တော့ မဟုတ်ဘူး။ ဆေးတော့ မိနေလိမ့်မယ်။ ဒါက ဇာတ်လမ်း သဘောအရပါ။ မင်းကော ဘယ်လို သဘောရလဲ။ လဲတာတွေ၊ လေတာတွေ၊ လိပ်တာတွေ။ ငါ့ကိုယ်ငါလည်း လိပ်ထားလို့ရမလား။ လဲသွားရင်ကော ဘယ်လိုလဲ။ ဘယ်လိုမှမလဲဘူး။ ကြုံတဲ့လူ ယူသောက်ပေါ့။ လေမသွားဖို့အရေးကြီးတယ်။ ဒါ တစ်လိပ်မကုန်ခင် နောက်တစ်လိပ်လေ။ ဒါနဲ့ ဘာကြားသေးလဲ။ ဟော .. လူကြီးမင်းတွေ လေရှူဖို့သွားကုန်ပြီတဲ့။ ကဲကဲ ... ဆက်လိုက်ကြဦးစို့။
အငွေ့တွေ တရွေ့ရွေ့နဲ့ မီးမောင်းထိုးပြတဲ့ ခေတ်က မနှစ်ကပဲ ကုန်သွားတယ်။ မေမေ အခု သားတစ်ယောက်ထဲ မဟုတ်ပါဘူး။ အိပ်ရာဝင်တိုင်း တေးဆိုပေးမယ့် ခေတ်ဆိုတာလည်း ရာဇ၀င်မှာ မှုန်ကျဲကျဲရယ်။ ဒါတွေပဲ မေမေ သား တောင့်တထားတဲ့ ရာသီစက်ဝန်းထဲမှာ ထမင်းဝိုင်းလေးပါတယ်၊ ဘုရားသွားကျောင်းတတ်ပါတယ်။ ညီလေးရေ မင်းပြောဖူးသလို အစ်ကို့ အင်္ကျီတွေ မှိုစော်နံမနေတော့ပါဘူး။ မနက်ခင်းဆိုရင် ဘုရားဖူးတယ်။ ညနေဆိုရင် လိပ်ဥတူးတယ်။ ယဉ်ကျေးမှုပဲ မေမေ။ လူငယ်တစ်ယောက်က ခါထုတ်ပစ်လိုက်တဲ့ ဆံပင်စ တွေထဲမှာ ယဉ်ကျေးမှု အသီးအပွင့်တွေပါတယ်။ ကျွန်တော် စီးကရက် မသောက်ဖြစ်တော့ဘူး။ ဒါပေမယ့် တစ်လိပ်မကုန်ခင် နောက်တစ်လိပ်ပေါ့။ လမ်းဘေးကတေးတွေမှာ အသံတွေ အဆင်းအတက်မရှိဘူး။ လောကကြီးက တစ်လောက ဒီလိုပြားနေတာမဟုတ်ဘူး။ လိပ်တဲ့နေရာလိပ် ဖောင်းတဲ့နေရာဖောင်း ဟောင်းသွားတာလည်း ရှိမှာပေါ့။ ဒီလိုပါပဲလေ ဒီတစ်စိတ်နဲ့ ဒီတစ်အိတ်က ဒီအလိပ်မကုန်ခင် ရပ်ပစ်လို့မှမရတာ။ ကျွန်တော် စီးကရက် မသောက်ဖြစ်တော့ဘူး မေမေ။ ဒါပေမယ့် ဒီတစ်လိပ်မကုန်ခင် နောက်တစ်လိပ်ပေါ့။ အငွေ့တွေလည်း တရွေ့ရွေ့ .... ... ... ။
ကျေးဇူးပြုပြီးသော့ခတ်ထားပေးပါ။ အံဆွဲတစ်လုံးထဲမှာ ကျေးဇူးပြုပြီးသော့ပိတ်ထားပေးပါ။ ဒီတစ်လိပ်မကုန်ခင် နောက်တစ်လိပ်ပေါ့။ အခုတစ်လော မိုးတွေသည်းနေတယ်။ ရင်ဝှက်အံဆွဲရေ နံရံကပ်မီးသီးလေးလည်း တဖြည်းဖြည်း မှိန်လာတယ်။ ဒါပေမယ့် ဒီနေ့ဟာလည်း တစ်လိပ်မကုန်ခင် နောက်တစ်လိပ်ပဲပေါ့။ ငါ့ကို ယုံပါ ဒီထက်ပိုပြီး ငါ့ကိုယုံပါ။ ငြင်းဆန်ခြင်းနဲ့ ဆန့်ကျင်ဘက်အရပ်မှာ နေတယ်။ လေညှာအရပ်က ပုံပြင်တွေလည်း သီချင်းတစ်ပုဒ်လို ဆိုလို့ကောင်းရုံခဏ။ ဟော့ဒီ စက်လုံးထဲမှာ ငါတိတ်တိတ်လေး သော့တစ်လုံး ခတ်ပြီး ပုန်းနေတယ်။ ကျေးဇူးပြုပြီးသော့ခတ် ထားပေးပါ။ စီးကရက်တွေ မသောက်တော့ပေမယ့်။ ဒီတစ်လိပ်မကုန်ခင် နောက်တစ်လိပ်ပေါ့။ ဒီလိုပဲ မီးရှို့ပစ်နေရတယ်။ အရေပြားယားယံမှု အတွက်နဲ့တင် ဒီ ရက်ရာဇာက ဖြစ်လာတာမဟုတ်ဘူး။ ဒီတစ်လိပ် မကုန်ခင် နောက်တစ်လိပ်ပဲ။ ဒါပေမယ့် နည်းနည်းထက် ပိုပြီး သိပ်သိပ်သည်းသည်းရှိတယ်။ ခပ်ကျစ်ကျစ် လိပ်ထားတဲ့ စီးကရက်တွေ ကုန်သွားတဲ့ နေ့ရောက်ရင် ကမ္ဘာကြီးရဲ့ ဂေဟစနစ်ကို နည်းနည်း ထိန်းချုပ်နိုင်မယ်ထင်တယ်။ ဒီနွေ မကုန်ခင်မှာ နောက်တစ်လိပ်။ ဒီတစ်နှစ်ပြီးတော့လည်း နောက်တစ်နွေ။ အလိပ်ရေတွေ မကုန်နိုင်သေးဘူး။ မီးတွေပိတ်ထားတဲ့ အရပ်ဒေသမှာ မနေဘူး။ စီးကရက်ကို မသောက်ဖြစ်တော့ဘူး။ ဒီလိုနဲ့ ဒီတစ်လိပ်မကုန်ခင် နောက်တစ်လိပ်။ အရိပ်တွေလို ငါ့ကို မိုးပေးပေါ့ကွယ်။ လောက၀တ်ဆိုတာ လူငယ်တစ်ယောက်နဲ့ ဘေးကင်းရန်ကင်း ရှိနေမယ့် ဆေးဖော်ကြောဖက်။ ဒီလိုနဲ့ ငါ့ကို ယုံပါ။ ငါ ယုံတာထက်ပိုယုံပါ။ ဒီတစ်လိပ်ပြီးရင် နောက်တစ်လိပ်ပေါ့။ တကယ့် စီးကရက် အစစ်တစ်ခုလို ငါစွဲလမ်းလာတဲ့အခါ။ တကယ်ပါပဲ ရင်ဝှက်အံဆွဲရယ်။ ငါ့မှာ ဒီတစ်လိပ်မကုန်ခင် နောက်တစ်လိပ်။ ရက်ရာဇာတွေ အလိပ်လိပ် တထိတ်ထိတ် တရိပ်ရိပ်ပေါ့။
ငါကိုက အလှမ်းဝေးလွန်းတာပါ။ ကဗျာဆိုတာ ရောင်းကုန်ဟုတ်မဟုတ်ဆိုတဲ့ ကိစ္စနဲ့ အရောင်းမြှင့်တင်ရေး ပြဿနာတွေကိုလည်း ငါမယုံဘူး နိဒါန်း၊ နိဂုံး။ ဘာမှ မယုံဘူး ကုန်ကုန်ပြောမယ် စီးကရက် တစ်လိပ်ကိုလည်း ငါမယုံဘူး။ ဒီလိုနဲ့ တစ်လိပ်မကုန်ခင် နောက်တစ်လိပ် စီးကရက်တွေမဟုတ်ဘူး ရုပ်သေး။ လောကကြီးကိုက သေးသေးလေး လိပ်ထားထားတယ်။ ငါ့ကို ဆေးလိပ်သောက်သလို သောက်ကြည့်မယ့် ပုဂ္ဂိုလ်တွေ မရှိဘူး။ ဟာလာဟင်းလင်း ဆိုတာကြီးမှာပဲ ပေါက်တက်ကရ ဆိုတာ ကဗျာ (မဟုတ်ဘူး) ဒါက စတာ။ ကဗျာဆိုတာ ဟာတာတာ ဖြစ်နေတဲ့ ရင်ဘတ် ဟုတ်တယ် ရင်ဘတ်တွေပဲ။ ထမင်းကောင်းကောင်းမစားပဲ ရေးတဲ့ ကဗျာကလည်း ဗိုက်ဆာတယ် ဗိုက်ဆာတယ်ပဲ အော်နေတယ်။ ဆိုမာလီယာ အကြောင်းမရေးမိဘူး။ ဘက်ဂဒက်အကြောင်းမရေးမိဘူး။ တိုက်တန် တွေအကြောင်းလည်း မရေးဖြစ်ဖူး။ ဘယ်သူဆိုလား။ သူ့အကြောင်းလည်း မရေးဖြစ်ဘူး။ အခု ကဗျာကလည်း ကဗျာရေးတာမဟုတ်ဘူး စီးကရက်နဲ့ အဲဒီစီးကရက်နဲ့ အဲဒီ စီးကရက်လို စီးကရက်နဲ့ စီးကရက်နဲ့ စီးကရက်နဲ့ ငါလည်း တစ်လိပ်မကုန်ခင် နောက်တစ်လိပ် ကဗျာဆိုတာလည်း ခေါက်ထားသိမ်းထားလို့ ရတဲ့အရာပဲလား။ ဟိုဟာလား ဒီဟာလားနဲ့ ဆုံးသွားတဲ့ အိပ်မက်တွေလည်း ပြန်မရွေးဖြစ်တာသေချာလို့ပေါ့။ သူတို့လည်း တစ်လိပ်မကုန်ခင် နောက်တစ်လိပ် စီးကရက်တော့ မဟုတ်ဘူး ဒါပေမယ့် စီးကရက်လို တစ်လိပ်မကုန်ခင် နောက်တစ်လိပ် ရောဂါ ရိပ်ကလည်း တထိတ်ထိတ်နဲ့ပဲ။
- ခရာ -
သုံးဆယ့်တစ် ပွိုင့် ဇီးရိုးဇီးရိုး ပွိုင့် ဇီးရိုး ပွိုင့် ဇီးရိုး
11:00 PM 9/3/2011
အချိန်ကာလတစ်ခုတုန်းက သင်ဘာလုပ်ခဲ့သလဲဆိုတာ ရှော့ခ်ရလိမ့်မယ်
ကန့်လန့်ကာချကာထားတဲ့ လျှပ်စီးတွေ
ပြည်တွေဟာ တ၀ုန်းဝုန်း တဒိုင်းဒိုင်း ကွဲထွက်လျက်ပဲ နေ
ကိန်းဂဏန်းတွေကို အားလုံးက စိတ်ဝင်စားကြတယ်
ယာဉ်မောင်းလိုင်စင် ယာဉ် ဒုံးပျံနဲ့ သွားရမယ့် ခရီး
ငွေစုဘဏ်စာအုပ်နဲ့ ငွေ
လူသားအဓိပ္ပာယ်ကို ဘာတွေနဲ့ ဆက်ဖျောက်ဖျက်ပစ်ကြမှာလဲ
ကျောက်ဆောင်ကို လှိုင်းလာတိုက်ခိုက်တယ်
အပြစ်ဒဏ်
ကျွန်တော်အချက်အလက်တွေကို ရူးနေတဲ့ လူတွေကို မပြောဘူး
မျက်မှောင်ကုတ် စိုက်ကြည့်တယ်
အခက်အခဲ အကျပ်အတည်းတွေကနေ လောင်ကျွမ်းသွားကြ
ပစ်မှတ်တွေကို ချိန်ရင်း ကိုယ်တိုင်ဟာ တခြားသူတစ်ယောက်ရဲ့
ပစ်မှတ်ဖြစ်မှန်းမသိ ဖြစ်သွားကြ
အမုန်းမများကြနဲ့
ကဗျာကို ဆက်ဆံရင် အသိဉာဏ်နဲ့ ဆက်ဆံမှပဲ ရမယ်
ကျွန်တော်မိုးကုပ်စက်ဝိုင်းအောက်မှာ ရောက်နေတဲ့ ဟောဟိုတောင့်တမှုတွေကို
စွန့်ခွာမှ ရမယ်
ကဗျာဖတ်သူရဲ့ နာ့ဗ်ကြောများထဲက ပုံရိပ်မှာ
ဂက်စတာပိုတွေရဲ့ အဖမ်းခံရပြီး အဆိပ်ငွေ့ပေးအသတ်ခံလိုက်ရတာ စွန်းထင်းနေမယ်
ကန့်လန့်ဖြတ် ဆိုးဝါးချင် ဆိုးဝါးနေလိမ့်မယ်
မယုံပါစေနဲ့လို့ ကြောက်မက်ထိတ်လန့်စရာတွေကို ယုံအောင် သမိုင်းကြုံခဲ့တယ်
စားလိုက် သောက်လိုက် အိပ်လိုက် ကာမလိုက် အမဲလိုက်လိုက်နဲ့ဆို အလကား
တယ်လီဖုန်းခေါ်လိုက်ပြီး ဘာတွေ အီစီကလီလုပ်နေတာလဲ
အာရုံကြောတွေဟာ ပေါက်ပြဲကုန်တယ်
အရှင်းပြော
ရှင်သန်နေထိုင်ရမှုဟာ ကျွန်တော်တို့ကို ခြစားနေတယ်
အရေပြားတွေ အသားစတွေ အရိုးတွေ အမြှေးတွေ အသွေးတွေ ရှိတာတွေကို အကုန်သူ
လာလာစုပ်မျိုနေတယ်
ကိုယ်လည်း ကော့လိမ်နေတာပဲ
မင်းလည်း လူးလွန့်နေမယ်
ကင်းထောက်လေယာဉ်များ စစ်သွေးကြွများ လောကဓံတင့်ကားများနဲ့
ကြော်ငြာဒုံးခွင်းဒုံးများ အမှောင်အောက်မှာ ကြမ္မာလုယူခံရမှုများနဲ့
လုံခြုံမှုကို စောင့်ချောင်းရိုက်ထားရတဲ့ လုံခြုံရေးကင်မရာများ
ချွေးနံ့ သွေးနံ့ အပုပ်နံ့များဟာ ဘာလို့ ကျူးကျော်ဝင်လာရတာလဲ
မတားနိုင် မဆီးနိုင် ရှိခဲ့ပါတယ်
နှလုံးသားကို လက်ဆောင်အဖြစ် ထုပ်ပိုးပေးလိုက်ဖို့
လှောင်မရယ်လိုက်နဲ့နော် အနာအဆာများ အချောကိုင်ထားပါတယ်
အတိတ်တားဆေး
ဒါကဗျာစကားလား
ဘယ်လိုစကားမျိုး ပြောရမလဲ မေ
အသက်များ သတိပဌာန်များ နှလုံးသွင်းမှုများ
ဒုက္ခကို ရုန်းကန်ရင်း စုတ်ပြဲသွားရတာတွေ များလာတယ်
နာတာတွေ ဘာတွေ မရှိတော့ဘူး
နေသားကျ အက
ဇောက်ထိုးအမြင်နဲ့ ကြည့်ရင် အရာအားလုံးကို ဇောက်ထိုးမြင်ရဖို့ပဲ ရှိတယ်
မျက်တွင်းဆိုတာ ဟောက်ပက်နဲ့
ညမှာ ကြယ်ရောင်တွေ အမှောင်ကို အန်တုတယ်
စိုးရိမ်မကင်း
ကြွေသွားလည်း မင်းမငိုရဘူး
လေညင်းကလေးတွေ နောက်ကိုလည်း ပြေးလွှားလိုက်ချင်လည်း ရသေးတယ်
နာမ်နဲ့ အတူ
ကမ္ဘာကြီးလည်း အေးချမ်းပါ
အေးချမ်းနေတာလေးပဲ လှပါတယ်
ဘယ်အဆုံးကို ခင်ဗျားမျှော်လင့်နေတာလဲ
အရည်ပူ လူပူ အပူတွေထဲက အူ
ကိုယ်ပြေးထွက်
စိုးမင်းအောင်
00:45 AM 9/4/2011
ရသ ရှာပုံတော်
စာကောင်းပေကောင်းဆိုတာ ဝေမျှရတယ် ဆိုတဲ့ စကားတခု ရှိပါတယ် ။ ဘယ်သူပြောခဲ့မှန်းမသိပေမဲ့ အရမ်းကိုမှန်တဲ့စကားတစ်ခွန်းပါ ။
စာရေးသူက အတွေးအားကောင်းကောင်း အရေးအားကောင်းကောင်းနဲ့ ရေးသားထားတဲ့ စာတပုဒ်ကို တစ်ယောက်ထဲ ကြိတ်ဖတ်နေမယ်ဆိုရင်
အဲ့ဒါ စာပေလောက ကိုသစ္စာဖောက်တာပဲ ။ စာရေးသူကို စော်ကားတာပဲ လို့ကျွန်တော်ကတော့ ယူဆထားပါတယ် ။
ဒီတစ်လအတွက် ပရိတ်သတ်ဆီကို မျှဝေပေးချင်တဲ့ ရသ တစ်ခုကတော့
ဘလော့ဂါ မြစ်ကျိုးအင်း ရဲ့ ယုံကြည်ချက်နဲ့ ရှေ့ဆက်ကြသူများ ဆိုတဲ့ ၀တ္တုတိုလေးဖြစ်ပါတယ် ။
မြစ်ကျိုးအင်းရဲ့ ဆိုက်ကတော့ www.myitkyoeinn.com ဖြစ်ပါတယ် ။
ယုံကြည်ချက်နဲ့ ရှေ့ဆက်ကြသူများ
ထိုနေ့ကတောင်ထိပ်ပေါ်ရောက်တော့ နေ့လည် ၃ နာရီခန့်ရှိနေပြီ။ ကျောပိုးအိတ်ကို ပစ်ချပြီး အရင်ဆုံးလုပ်ဖြစ်သည်က အရှေ့ဘက် တောင်စွန်းနားသို့ သွားမိ၏။ ပေ ခြောက်ထောင်ကျော်မြင့်သည့် တောင်ထိပ်မို့ လေတဟူးဟူး တိုက်ကာ တိမ် နှင့် မြူခိုးများက မျောလွင့်နေသည်။ မြင်ကွင်းက မနှစ်ကအတိုင်းပင် ဖြစ်သည်။ ဟိုးအဝေးဆီမှ တောင်တန်းများကလည်း အရင်အတိုင်း မှိုင်းညို့လျက်။ တောင်ထိပ်တစ်ချို့က တိမ်တွေထဲ ဝင်ရောက် ပျောက်ကွယ်နေသည်။ ယခင်အတိုင်းပါပဲ။ ဘာမှမပြောင်းလဲခဲ့။ တစ်နှစ်တာ အချိန်ကာလသည် သဘာဝပါတ်ဝန်းကျင်ကို အများကြီး မပြောင်းလဲစေနိင်ခဲ့သေးပါ။ သို့သော် မနှစ်က ရောက်ခဲ့သည့် ခံစားချက်နှင့် သည်နှစ်ခံစားချက်က မတူတော့။ မနှစ်က ကျွန်တော် ရယူသူ ဖြစ်ခဲ့၏။ သည်နှစ်ရောက်လာခြင်းက ပြန်လည်ပေးဆပ်ရန်ဖြစ်သည်။
မနှစ်က နေဝင်ချိန်တွင် သည်နေရာ၌ ကျွန်တော် အကြာကြီးရပ်ကာ ဤမြင်ကွင်းများကို ကြည့်နေခဲ့ဖူးသည်။ ရည်ရွယ်ချက် တစ်စုံတစ်ရာ မရှိဘဲ ရပ်နေခဲ့သည်ဟု ဆိုလျှင် အမှန်စစ်စစ်ဖြစ်မည် မထင်ပေ။ ကျွန်တော့်ရည်ရွယ်ချက်ကိုက တောင်တန်းများကို ကြည့်ရင်း စိတ်တစ်ခုလုံး မျောလွင့်နေချင်သည်။ ကျွန်တော်က သဘာဝတရားကို ချစ်သည်။ တောအုပ်စိမ်းစိမ်း ၊ မှိုင်းညို့ညို့တောင်တန်းများ နှင့် ပြာလွင်နေသောပင်လယ်များကို ချစ်သည်။
မနှစ်က ဤတောင်ပေါ်သို့ တစ်ညအိပ်ခရီး ရောက်လာဖြစ်သည်။ ထိုခရီးထွက်မည့် ရက်တွင် ကျွန်တော် စာမူကိစ္စများဖြင့် မအားမလပ်ဖြစ်နေသည်။ ထို့ကြောင့် မလိုက်ဖြစ်တော့ကြောင်း အတန်တန် ပြောသော်လည်း တောင်ပေါ်ခရီးစဉ်ကို အစီအစဉ်ဆွဲသူ သူငယ်ချင်း၏ စကားက ဆွဲဆောင်မှု ကောင်းလွန်းသည်။
“စာရေးဆရာ.. မင်းက စာတွေ တကုပ်ကုပ်ရေးနေတော့ အညောင်းမိနေမှာသေချာတယ်။ လေကောင်းလေသန့် ရှူရင်း တောတောင်သဘာဝအလှလေး ခံစားစေချင်တယ်။ ဘဝတစ်ခုလုံးနဲ့ ယှဉ်ရင် ဒီ သုံးရက်တာ အချိန်လေးက ဘာမှ မဟုတ်ပါဘူးကွ။ ပြီးတော့ မင်းအတွက် တောင်ပေါ်ဇာတ်လမ်း တစ်ပုဒ်လောက် ရမလာဘူးလို့ မင်းထင်လို့လား။ ”
သူပေးသည့် အကြောင်းပြချက်များက ခိုင်လုံပြီး ဆွဲဆောင်နိင်လွန်းတာကြောင့်  အလုပ်များကို ထားပစ်ခဲ့ပြီး သည်ခရီးစဉ်ကို လိုက်လာခဲ့မိတော့သည်။ ခရီးမထွက်ဖြစ်တာကြာပြီဆိုတော့ ကားပေါ်ရောက်ချိန်မှာပင် ကျန်ခဲ့သည့် အလုပ်များကို မေ့သွားတော့သည်။ သူငယ်ချင်း ငါးယောက်သား နောက်ပြောင်ရင်း တောင်တန်းများဆီကို ပျော်ပျော်ရွှင်ရွှင် ဦးတည်ခဲ့ကြတော့သည်။ တောင်ထိပ်ပေါ်အထိ ကားတဆင့် တောင်ပေါ်သွားသည့် ရထားတဆင့်တို့ကြောင့် ပေထောင်ချီမြင့်သော်လည်း လမ်း အများကြီး မလျှောက်လိုက်ရဘဲ တောင်ထိပ်သို့ ရောက်ရှိသွားသည်။
တောင်ထိပ်ပေါ်ရောက်တော့ သူငယ်ချင်းများနှင့်အတူ ရွက်ဖျင်တဲ ထိုးပြီးသည်နှင့်  ဟိုးအဝေးမှ မှုန်ပြပြ တောတောင်များကို ထိုင်ငေးရန် မြေနေရာ ပြန့်ပြူးသော အရှေ့ဘက်စွန်းသို့ ထွက်လာခဲ့သည်။ ထိုအချိန်တွင် ကျွန်တော်အတွက် စိတ်လှုပ်ရှားစရာ မြင်ကွင်းကို မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။ ထိုအရာက မျောလွင့်နေသည့် တိမ်တို့ဖြစ်သည်။ ကျွန်တော်နှင့် မလှမ်းမကမ်းမှ တိမ်များ ဖြတ်သန်းသွားသည့် မြင်ကွင်းကို ကြည့်ပြီး တော်တော်စိတ်လှုပ်ရှားမိခဲ့သည်။
ဘဝတွင် ပထမဆုံး တိမ်များကို နီးကပ်စွာ မြင်တွေ့ရခြင်းဖြစ်သည်။ ကျွန်တော်နှင့် ဘယ်တုန်းကမျှ မနီးစပ်ခဲ့ဖူးသည့် တိမ်တွေ။ အခုတော့ နံဘေးမှ ဖြတ်သန်းနေကြသည်။  တသက်တာလုံး ဝေကွာခဲ့ရသည့် တိမ်တွေကို ထိုအချိန်မှာ နှစ်သက်သွားမိတော့သည်။ နေဝင်သွားသည်အထိ  မျောလွင့်နေသည့် တိမ်များကို လိုက်ငေးရင်း စိတ်အာရုံတစ်ခုလုံး တငြိမ့်ငြိမ့်ခံစားနေရသည်။ ဒီခရီးလေးက  ကျေနပ်ဖို့ သိပ်ကောင်းသည့် ခရီးဆိုတာ သေချာသွားခဲ့ပြီ။ သဘာဝတရားကို ချစ်သည့် ကျွန်တော့်အတွက်တော့ ဒါဟာ အံ့မခန်း မြင်ကွင်းဖြစ်နေခဲ့သည်။
ညစာ စားပြီးနောက် ရွက်ဖျင်တဲအပြင်ဘက်တွင် မီးပုံဖိုကာ သူငယ်ချင်းများနှင့်အတူ စိတ်လွတ်လပ်စွာ သောက်ရင်း ပေါ့ပါးပျော်ရွှင်နေချိန်မှာပင် ကျွန်တော့်အတွေးထဲ တစ်ချက်တစ်ချက် ရောက်နေသည်မှာ ဖြူလွှလွှတိမ်တိုက်များသာ ဖြစ်နေခဲ့သည်။ အပြာရောင် ကောင်းကင်နောက်ခံတွင် ဖြေးညင်းစွာ မျောလွင့်နေသည့် အဖြူရောင် တိမ်တိုက်များသည် ကျွန်တော့်အာရုံကို ဖမ်းစားထားလိုက်လေပြီ။  ညအိပ်ချိန်တိုင်သည်အထိ တိမ်တွေ အကြောင်း တွေးနေမိခဲ့သည်။   အိပ်ပျော်ခါနီးတွင် ဆန်းကြယ်သည့် စိတ်ကူးတစ်ခုရသွားသည်။ ထိုစိတ်ကူးလေးကို အကောင်အထည်ဖော်ချင်စိတ်ဖြင့် မနက်ခင်းရောက်ရှိရန် ကျွန်တော် စိတ်စောနေမိတော့သည်။
မနက်မိုးလင်းတော့ ညကစိတ်ကူးအတိုင်း လုပ်ဆောင်ရန် ပါလာသည့် ပုလင်းလေးတစ်လုံးထဲမှ ပစ္စည်းများကို ထုတ်ပြီး ပုလင်းကို သန့်ရှင်းအောင် ဆေးကြောလိုက်သည်။ ပုလင်းအတွင်း ခြောက်သွေ့သွားချိန်တွင် ကျွန်တော် မနေ့ညနေက ထိုင်ခဲ့သည့် အရှေ့ဘက်စွန်းကို ထွက်လာခဲ့တော့သည်။
 ဒီနေ့မှာ နေရောင်ခြည်က ကြည်ကြည်လင်လင် ဖြာကျနေ၏။ ကျွန်တော်ချစ်သည့် တိမ်များက တငြိမ့်ငြိမ့်ဖြင့် မျောလွင့်နေဆဲဖြစ်သည်။ ကျွန်တော် အချိန်မဆိုင်းတော့ပါ။ တောင်စွန်းနားအထိ တိုးသွားကာ ပုလင်းအဝကို တိမ်တွေဘက် လှည့်ပေးလိုက်သည်။ ထို့နောက် အဖုံးကို ချက်ချင်းပြန်ပိတ်ပြီး ပုလင်းထဲသို့ ကြည့်လိုက်သည်။ ပုလင်းထဲတွင် မှုန်မှိုင်းမှိုင်းလေး ဖြစ်နေလေပြီ။ မျှော်လင့်ထားသလို အဖြူရောင် အငွေ့များ တွေ့ရမည်ထင်သော်လည်း ခပ်မှုန်မှုန်လေထုလေးကိုသာ မြင်ရသည်။ ကိစ္စမရှိ။ ဒီပုလင်းထဲတွင် ကျွန်တော်ချစ်သော တိမ်တိုက်များ ရှိနေပြီးဆိုသည့် အသိလေးသည် ကျွန်တော့်စိတ်ကို ကြည်နူးချမ်းမြေ့နေစေခဲ့ပြီ။
သူငယ်ချင်းများက ကျွန်တော့်လုပ်ရပ်ကို တအံ့တသြ ချီးကျူးကြသည်။
“စိတ်ကူးကောင်းတယ်ကွာ”
“စာရေးဆရာတို့ကတော့ တအားကို ကဗျာဆန်လွန်းပါလားဟေ့”
ကျွန်တော်ကတော့ ကျေနပ်စွာဖြင့် ခပ်ပြုံးပြုံးဖြစ်နေတော့သည်။
ထိုခရီးစဉ်မှ ပြန်လာခဲ့ပြီးနောက် ကျွန်တော၏ တိမ်ပုလင်းလေးကို စာရေးစားပွဲပေါ်တွင် တင်ထားလိုက်သည်။ အရင်က စိတ်ဝင်တစား မကြည့်ဖြစ်ခဲ့သည့် တိမ်များကိုလည်း အပြင်ရောက်တိုင်းကြည့်ဖြစ်လာသည်
။ အချိန်ကြာလာသည်နှင့်အမျှ ပုလင်းလေးထဲတွင် မှုန်မှိုင်းနေခြင်းများ မရှိတော့ဘဲ ကြည်လင်လာ၏။ အလုံပိတ်ထားသည့် ထိုပုလင်းထဲတွင် တိမ်တိုက်များရှိနေဆဲ ဆိုသည့် အသိဖြင့် ကျွန်တော်ကတော့ သတိရတိုင်း ကြည့်နေဆဲ ပီတိဖြစ်နေဆဲဖြစ်သည်။ အိမ်ကိုလာလည်သည့် သူတိုင်းကိုလည်း ထိုတိမ်တိုက်များ ထည့်ထားသည့် ပုလင်းလေးကို ထုတ်ပြဖို့ မမေ့ခဲ့ပေ။
“ဘာမှလည်း မရှိပါလားဗျ။”
“အချိန်ကြာသွားလို့ပါ။ အဲဒီပုလင်းထဲမှာ တိမ်တွေကို  ထည့်ထားတာ အသေအချာပဲ။”
အချိန်တွေကြာလာသော်လည်း ကျွန်တော့်လေသံထဲက ဂုဏ်ယူသံကို လျှော့ချမပစ်နိင်ခဲ့သေး။ အပြင်ထွက်တိုင်းလည်း ကောင်းကင်က တိမ်တိုက်များကို မော့ကြည့်ဖို့ မမေ့မလျော့ ရှိနေသေးသည်။  ထိုသို့ဖြင့် လွန်ခဲ့သည့် တစ်လခန့်က ကျွန်တော်နှင့် ကွဲကွာနေသည်မှာ ကြာပြီဖြစ်သော ကျောင်းနေဘက် သူငယ်ချင်းရဲခေါင်နှင့် ပြန်ဆုံခဲ့သည်။ ရဲခေါင်က ဘဝတက္ကသိုလ်ကြီးထဲတွင် အချိန်အတန်ကြာ နေခဲ့ရပြီး အပြင်လောကသို့ ပြန်ရောက်လာသည်မှာ မကြာသေးချိန် ကျွန်တော်နှင့် ပြန်ဆုံခဲ့ခြင်းဖြစ်သည်။ သူက ကျွန်တော့်လို အတတ်ပညာတစ်ခုခုဖြင့် ရှင်သန်နေထိုင်သူမဟုတ်ဘဲ သူယုံကြည်ရာကို မမှိတ်မသုန် ဆုပ်ကိုင်ရင်း ဒုက္ခဆင်းရဲကြားထဲတွင် အလျားလိုက် ကူးခတ်နေသူလည်းဖြစ်သည်။ သူ့မျက်နာပေါ်က အပြုံးများက ခုထိ မာထန်နေဆဲ။ သူနှင့် အေးအေးဆေးဆေး စကားပြောချင်၍ အိမ်ကိုခေါ်လာခဲ့သည်။
သောက်ရင်းစားရင်း ရှေးဟောင်းနှောင်းဖြစ်များပြောရင်း ၊ သူကြုံဖူးသော ငရဲခန်းအတွေ့အကြုံများကို နားထောင်ရင်း ကျွန်တော်တို့ စကားဝိုင်း အရှိန်တက်နေချိန်မှာပဲ ကျွန်တော့်ရဲ့ တိမ်တိုက်ပုလင်းကို ထုတ်ပြဖြစ်သည်။ ထိုတိမ်တိုက်များရလာပုံနှင့် ကျွန်တော့်စိတ်ခံစားချက်များကိုလည်း အာဇ္ဇဝန်းရွှင်ရွှင် ပြောဖြစ်သည်။ ရဲခေါင်က တိမ်ပုလင်းလေးကို လှည့်ပတ်ကြည့်သည်။
“ မင်းစိတ်ကူးကတော့ မဆိုးပါဘူး။ ဒါပေမယ့် ဒီလုပ်ရက်ကို ငါ ရှုံ့ချတယ်ကွာ။ မလုပ်သင့်ဘူး”
“ဟ.. ဘာဖြစ်လို့လဲကွ”
“ပြောပြရင်လည်း မင်းခံစားတတ်မှာ မဟုတ်ပါဘူး။ ဒါမျိုးက ကိုယ်တွေ့ကြုံဖူးတဲ့သူမှ နားလည်နိင်တာ”
သူ့စကားကို ကျွန်တော် စိတ်ဝင်စားသွား၏။ တိမ်တိုက်လေးအနည်းငယ်အတွက် သူ့စကားလုံးတွေက သိပ်မြင့်လွန်းနေသည်။
“ အဆန်းပါလား။ လင်းစမ်းပါဦးကွာ။ ဘယ်လိုကိုယ်တွေ့မျိုးလဲ”
သူက လက်ကျန်ခွက်ကိုအပြတ်ရှင်းပြီး တိမ်ပုလင်းလေးကို ပြန်ကောက်ကိုင်ကာ 
“ မိုးတိမ်ဆိုတာ မျောလွင့်နေတဲ့ အရာကွ။ ဒီ့ထက်ရှင်းအောင် ပြောရရင် သူ့ယုံကြည်ချက်နဲ့သူ ရှေ့ဆက်နေတာမျိုး။ ယုံကြည်ချက်နဲ့ သွားနေတဲ့ ဘယ်အရာမျိုးကိုမှ မချုပ်နှောင်ထားသင့်ဘူး။ အဲ့ဒါ လူ့ကျင့်ဝတ်ပဲ။ လူကြီးလူကောင်းစိတ်ဓါတ်ပဲ။ နိင်ငံကြီးသားတစ်ယောက်ရဲ့ အပြုအမူပဲ။ ”
ရဲခေါင်က ပြောရင်းနှင့် ရှူးရှူးရှဲရှဲ ဖြစ်လာ၏။ အသက်ရှူသံပြင်းလာ၏။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၏။
“အိုကေ .. အိုကေ သူငယ်ချင်း။ ငါသဘောပေါက်ပြီ။ အခုလည်း ငါက ချုပ်နှောင်ထားတာမျိုးလို့ မတွေးမိလို့ပါ။ ငါ သဘောကျတဲ့ အရာလေးကို အမြဲတမ်းမြင်နေခွင့်အတွက် ဒီလိုလုပ်ဖြစ်သွားတာပါ။ မင်းပြောတာ သဘာဝကျပါတယ်”
ကျွန်တော့်ရဲ့ လေပြေအေးစကားကြောင့် ရဲခေါင် ပြန်လည်ငြိမ်သက်သွားသည်။ ထို့နေ့မှစပြီး တိမ်ပုလင်းလေးကို ကြည့်တိုင်း ကျွန်တော့်စိတ်ထဲတွင် ယခင်ကလို ကြည်နူးမှုများအစား ရဲခေါင်၏ စကားသံများက ဝင်လာနေတော့သည်။ “ယုံကြည်ချက်ဖြင့် ရှေ့ဆက်နေသည့်အရာများ” “လူကြီး လူကောင်းစိတ် ” “လူ့ကျင့်ဝတ်”။
ထိုစကားသံများ ကျွန်တော့်နားထဲတွင် တစထက်တစ ပို၍ ဆူညံလာသည့် နောက်တွင်တော့ တောင်ပေါ်ခရီးစဉ်ကို အစီအစဉ်ဆွဲလိုက်ရတော့သည်။ ထိုသို့ဖြင့် သည်တောင်ပေါ်သို့ နောက်တစ်ကြိမ် ကျွန်တော် ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။ အကြောင်းစုံ သိသွားသည့် သူငယ်ချင်း နှစ်ယောက်ကတော့ ကျွန်တော့်ကို ကောင်းကောင်း သြဘာပေးပြန်သည်။
“ဒါတော့ မင်း စိတ်ကူးယဉ်လွန်းတာပါကွာ။ ဒီပုလင်းအဖုံးကို ဖွင့်ဖို့အတွက် တောင်ပေါ်ကို နောက်တစ်ခေါက် ပြန်သွားဖို့ မလိုပါဘူးဟ။”
“ ပြောမနေနဲ့မော်ကြီး။ စာရေးဆရာတွေက အဲဒီလိုပဲ သူများထက် ပိုထူးပြီး ခံစားတတ်တဲ့သူတွေ။ ဘာပဲဖြစ်ဖြစ် စရိတ်ငြိမ်းနဲ့ ခရီးထွက်ဖြစ်တာ အမြတ်လို့သာ တွေးလိုက်ကွာ။ ငါတို့လည်း ထပ်ရောက်ဖြစ်တာပေါ့”
ကျွန်တော့် ဒီခရီးစဉ်၏ အဓိက ရည်ရွယ်ချက်သည် တိမ်ပုလင်းလေးကို အဖုံးဖွင့်ပေးဖို့ဖြစ်သည်။ အဖုံးဖွင့်မည့် နေရာကို မူလနေရာဖြစ်သည့် သည်တောင်ပေါ်ကို ရွေးချယ်မိခြင်းကတော့ ရှင်းပြရန်မလွယ်သည့် စိတ်ခံစားချက်ဖြစ်သည်။ အပြစ်ရှိသူတစ်ယောက်လို ခံစားမိပြီးနောက် အကောင်းဆုံးပြန်လည်ပေးဆပ်မည် ဆိုသည့် ခံစားချက်ဖြစ်မည်ထင်သည်။ တပါးသူထက် ပို၍ နုညံ့ချင်သည့် စိတ်၏ ဆွဲဆောင်မှုတစ်ခုလည်းဖြစ်မည်။
ကျွန်တော့်ရဲ့ တိမ်ပုလင်းလေးကို အဖုံးဖွင့်ပေးမည့် မနက်ခင်းတွင် နေရာင်ခြည်က အနည်းငယ် မှုန်မှိုင်းနေသည်။  ပုလင်းထဲ ထည့်စဉ်ကလို သာယာကြည်လင်ခြင်း မရှိသော်လည်း ကျွန်တော်ကတော့ ဒီမနက်ခင်းကိုသာ ရွေးလိုက်သည်။ ချုပ်နှောင်ထားသော အရာများ လွတ်မြောက်ဖို့အတွက် အချိန်တိုင်းသည် နေ့ကောင်းရက်သာ ဟု ကျွန်တော်ယုံကြည်ထားမိသည်။
မနက် ၉ နာရီခန့်တွင် ကျွန်တော် ယခင်တစ်နှစ်ကလို အရှေ့ဘက်တောင်စွန်းဆီသို့ တိမ်ပုလင်းလေးကို ကိုင်၍ လှမ်းလျှောက်သွားသည်။ ဖမ်းဆုပ်ထားသော အရာများ လွတ်မြောက်ခွင့်ပေးရမည့် ကျွန်တော့်ရင်ထဲတွင် နောင်တများအစား ကြည်နူးခြင်းများသာ ရှိနေသည်။ အရှေ့ဘက်တောင်စွန်းနားရောက်တော့ ကျွန်တော် ရပ်တန့်ရင်း တိမ်ပုလင်းလေးကို ကိုင်မြှောက်ကြည့်သည်။ အထဲတွင် ကြည်လင်နေသော်လည်း ကျွန်တော် ချုပ်နှောင်ထားသည့် အရာများ သည်ပုလင်းထဲတွင် ရှိနေကြောင်း သိနေသည်။ ပုလင်း အဖုံးဖွင့်ရင်း တစ်ကိုယ်တည်း ခပ်တိုးတိုးပြောလိုက်သည်။
“ နောက်တော့ကျနေပြီ။ ဒါပေမယ့်လည်း အရင်အတိုင်း ယုံကြည်ချက်နဲ့ ခရီးဆက်နိင်ကြပါစေ”
သူတို့ခရီးလမ်းအတွက် နောက်ကျနေပြီဖြစ်သော်လည်း လှောင်ပိတ်ထားခြင်းထက်စာလျှင်  နောက်ကျပြီးမှ ခရီးဆက်ခွင့်ရခြင်းက ပိုကောင်းသည် မဟုတ်လား။ ထို့နောက် မည်သည့်ချုပ်နှောင်မှုများ မရှိစေရန် ပုလင်းကို ခပ်ဝေးဝေးက ကျောက်တုံးဆီသို့ အရှိန်ဖြင့် ပစ်ခွဲလိုက်တော့သည်။
“ ခွမ်းးး ”
ပုလင်းကွဲသံ ။ သို့မဟုတ် ချုပ်နှောင်ထားသည့် အရာများကို ဖွင့်ပေးလိုက်သည့် သော့ခလောက်သံ။ ထိုအသံက ကျွန်တော့်ကို နှစ်နှစ်ခြိုက်ခြိုက် ပြုံးသွားမိစေသည်။ လွတ်မြောက်ခြင်း၏နောက်တွင် အပြုံးများ သေသေချာချာ ရှိနေကြောင်း ကျွန်တော်သိခဲ့ရပြီ။
ထိုနေရာမှ ကျောခိုင်းထွက်လာစဉ်မှာပင် ရဲခေါင် နောက်ဆုံး ပြောသွားသည့် စကားတစ်ခွန်းကို ပြန်အမှတ်ရမိလိုက်တော့သည်။
“ ယုံကြည်ချက်နဲ့ ခရီးဆက်နေတဲ့ အရာတွေကို ချစ်တဲ့စိတ်လေးနဲ့တောင် မချုပ်နှောင်ထားမိစေနဲ့ကွာ”
သေချာပါသည်။ ဘဝတွင် နောက်ထပ် ဒီလို အဖြစ်မျိုး ထပ်ဖြစ်ခွင့် ရှိလာမည် မဟုတ်တော့ပါ။ ကောင်းကင်ထက်သို့ မော့ကြည့်မိသည်။ မြူခိုးများနှင့် တိမ်တိုက်များက လွတ်လပ်စွာ မျောလွင့်နေကြလေသည်။
( မြစ်ကျိုးအင်း )
ကဲ .... ဘယ်လိုရသမျိုးတွေ ရလိုက်မလဲဆိုတာကတော့ ဖတ်သူတို့ကိုယ်တိုင်သာ ရယူလိုက်ပါတော့ ။ အကြောင်းကြောင်းကြောင့် ခွင့်ပြုချက်မတောင်းခံလိုက်ရသည့်အတွက်
ဘလော့ဂါမြစ်ကျိုးအင်း အား ဒီနေရာကနေပဲ တောင်းပန်လိုက်ပါတယ် ။
ဘလော့စုံထောက်
နတ်ဝင်နေတဲ့ ဂစ်တာ
ဂစ်တာဝင်စားတဲ့ ၀ိညာဉ်က
ဂစ်တာတစ်လက်ဆီကို
ဂစ်တာကြိုးလို တုန်ခါပြီး ရောက်လာ။
ဆံပင်နဲ့ လုပ်ထားတဲ့ ဂစ်တာကြိုးတွေ
ဆံပင်နဲ့ တီးခတ်လိုက်တိုင်း
ဆံပင်ချင်း ရိုက်သံ တရွှမ်းရွှမ်းညံခဲ့။
ဂစ်တာက လူနဲ့ လုံးထွေးသွား
လူက ဂစ်တာနဲ့ လုံးထွေးသွား
အနံ့၊အရသာ၊အရောင်၊ မရှိတဲ့ အသံတွေ
အစီအစဉ်အတိုင်း ခုန်ထွက်ကျ။
လှိုင်းတွေ နာမည်မပေးခင်
စာမျက်နှာပေါ်က ဂီတနုတ်တွေသာ မောဟိုက်
ဂစ်တာက နတ်ဝင်သည်လိုပဲ။ ။
တိုးနှောင်မိုး
ကျွန်တော်နှင့်ရောက်တတ်ရာရာများ ( ၃ )
ကပေါက်တိကပေါက်ချာ မင်းလုလင် 's စာ
    စာရေးတဲ့အလုပ်က ထင်သလောက်မလွယ်မှန်း ရေးဖူးတဲ့သူတိုင်း သိကြပါလိမ့်မယ် ။
    ကျွန်တော်နှင့်ရောက်တတ်ရာရာများ လို့ခေါင်းစဉ်ပေးထားတာတောင်မှ ရောက်တတ်ရာရာ ရေးဖို့
    အကြောင်းအရာက မရှိဖြစ်နေတယ် ။ ဒါနဲ့ပဲ ယခင် ရယ်စရာ ယခု ပြုံးစရာမဂ္ဂဇင်းရဲ့ အယ်ဒီတာ
    မောင်မောင်စနေရဲ့ ထုံးနှလုံးမူပြီး သူ့ရဲ့ခေါင်းစဉ်ကို ခပ်တည်တည်ပဲ ယူတတ်လိုက်တယ် ။
    ကပေါက်တိကပေါက်ချာ မင်းလုလင်ရဲ့စာ ပေါ့ဗျာ ။ ဆရာမောင်မောင်စနေရဲ့အရင်
    ဘယ်သူတွေက ဒီခေါင်းစဉ်ကိုသုံးခဲ့ဖူးလဲဆိုတာမသိပေမဲ့ ကျွန်တော်ကတော့ ဆရာမောင်မောင်စနေရဲ့
    စာတွေကို ဖတ်ပြီးတော့ သူ့ခေါင်းစဉ်ကို ခပ်တည်တည်ပဲ ပုံတူကူးချလိုက်တာပါ ။
    ပြောမဲ့သာပြောတာ ၊ ဒီခေါင်းစဉ်အောက်မှာ စာရေးရတာ တော်တော်လွတ်လပ်တယ်ဗျ ။
    ကပေါက်တိကပေါက်ချာရေးထားတဲ့စာတွေဆိုတော့ မှန်တာရှိရင်လဲရှိမယ်  မှားတာရှိရင်လဲရှိမယ် ။
    ဆင်ဝှေ့ရန်ရှောင် အပြစ်လွတ်တယ်ပေါ့ဗျာ ။ ခေါင်းစဉ်အောက်မှာ စာရေးတဲ့အကြောင်းပြောရင်းနဲ့
    တလောက မျက်နှာစာအုပ်ကြီးရဲ့ စာမျက်နှာတစ်ခုမှာဖတ်လိုက်ရတဲ့ ကိုလူပအောင်ရဲ့
    ခေါင်းစဉ်အောက်က ကဗျာ ၊ ကဗျာအောက်က ခေါင်းစဉ်ဆိုတဲ့ စာလေးတပုဒ်ကို သွားသတိရမိတယ် ။
    အွန်လိုင်းကဗျာဆရာတစ်ချို့ကို ရည်ညွှန်းတဲ့ စာတပုဒ်ပါ ။ တကယ်တော့ အွန်လိုင်းမီဒီယာဆိုတာက
    လွတ်မြောက်နယ်မြေ တစ်ခုလိုပါပဲ ။ မိမိဖန်တီးချင်တဲ့ အနုပညာကို လွတ်လွတ်လပ်လပ် ဖန်တီးတင်ဆက်လို့ရတယ် ။
    ဒါပေမဲ့ လွတ်လပ်မှုကို အလွဲသုံးစားတော့ မလုပ်သင့်ဘူး ။ ယခုနှစ်ပိုင်းမှာ အွန်လိုင်းကဗျာအသိုင်းအ၀ိုင်းမှာ
     အလှုပ်အရှားတွေ အမြောက်အများတွေရပါတယ် ။အပြောင်းအလဲတွေနဲ့ အသစ်တွေကို
     ကြိုးစားဖန်တီးမှုတွေလဲ တွေ့ရပါတယ် ။ တစ်ချို့တွေကျတော့ တဆိတ်လွန်လွန်းတယ်ဟုပြောရမလိုပင် ။
     အသစ်ဆိုမှ အသစ် ။ အဟောင်းဆို ဖတ်တောင်မဖတ်ချင်ဘူးဆိုတာမျိုးတွေလဲ တွေ့ရပါတယ် ။
     ဒါမျိုးကျတော့ ကဗျာကိုစော်ကားနေသလိုပင် ။ ကျွန်တော် ကဗျာဖတ်ပါတယ် ။
     ကဗျာဖတ်တာမှ ဟိုးငယ်ငယ် ကလေးဘ၀ကတည်းက ဖတ်တာပါ ။
     တို့ကျောင်းတို့ ၊ တို့ဖေဖေတို့ ၊ ဒီလိုကနေ စပြီး သပြေနုချိန် ၊ နွေဦးကာလမြူထသောအခါ စသည်စသည်ဖြင့်
     ကဗျာနဲ့ ရင်းနှီးခဲ့တာပါ ။ အဟောင်းဆို ဖတ်တောင်မဖတ်ချင်ဘူးဆိုတဲ့ပုဂ္ဂိုလ်တွေကတော့
    ဘယ်လိုကဗျာမျိုးတွေ ဖတ်ပြီး ကဗျာနဲ့ ရင်းနှီးခဲ့သလဲတော့ မသိဘူးပေါ့ဗျာ ။
     အဟောင်းတွေဆို ဖတ်ကိုမဖတ်ချင်ဘူးဆိုတာကတော့ ..... စာရွက်တွေဟောင်းနေတော့
    စာလုံးတွေပျက်တဲ့ဟာကပျက်နဲ့ ဖတ်ရတာ အရသာပျက်လို့ထင်ပါရဲ့ ။ တစ်ချို့တွေကပြောကြသေးတယ် ။
     စွန့်လွတ်ရမယ် ။ အသစ်ကိုလိုချင်ရင် စွန့်လွတ်ရမယ် ။ ကျွန်တော်ကလဲ ပြောလိုက်ချင်ပါတယ် ။
     တကယ်စွန့်လွတ်ရဲတယ်ဆိုရင် ကဗျာဆရာဘ၀ကိုပါ စွန့်လွတ်လိုက်ပြီး ဆိုက်ကားနင်းကြပါလားလို့ ။
     အဲ့ဒီထက် စွန့်လွတ်ပြီး အဲ့ဒီထက်သစ်တာတော့ မရှိတော့ဘူးထင်တယ် ။
    ဘ၀တစ်ခုလုံးပါ အသစ်ဖြစ်သွားနိုင်ပါတယ် ။ ရယ်စရာအဖြစ်ပြောတာပါ ။
    တစ်ချို့ကကျတော့လဲ နာမည်ကြီးတွေနဲ့ ခင်မင်မှုရှိကြောင်း သိပ်ကို သိစေချင်ကြတယ်ဗျ ။
     စိန်နားကပ်အရောင်နဲ့ ပါးလေးလဲ နည်းနည်းပြောင်နိုင်ကောင်းရယ်လို့ တွေးတာမျိုးလဲ ဖြစ်ချင်ဖြစ်မှာပေါ့ ။
    နာမည်ကြီးဆိုတာကတော့ ရှင်းပါတယ် ။ ကဗျာဆရာမောင်ချောနွယ်နဲ့ ကဗျာဆရာမင်းလုလင်
     ဘယ်သူ့ကို လူပိုသိသလဲလို့မေးရင် ကလေးတွေခွေးတွေ မမေးပဲနဲ့ကို သိနိုင်ပါတယ် ။
     မင်းလုလင်ဆိုတာက ငချွတ်တာတေပေါက်စလေး ။ ဒီတော့ ဆရာမောင်ချောနွယ်ကို လူပိုသိတာပေါ့ ။
    ဒီတော့ မောင်ချောနွယ်က နာမည်ကြီးပေါ့ ။ အဲ့လိုပုဂ္ဂိုလ်မျိုးတွေကို ကျွန်တော်ကလဲ ပြောချင်ပါတယ် ။
    ကျွန်တော်လဲ နာမည်ကြီးတွေနဲ့ သိပါတယ် ။
    ဥပမာ - ခရစ်စတီယာနို ရော်နယ်ဒို တို့ ၊ အိုဘားမား တို့ ဇာဂနာတို့ စသည်ဖြင့်ပေါ့ ။
    ဘယ်လိုသိသလဲဆိုရင် တီဗီထဲမှာ မြင်ဖူးပါတယ် ။  ဒီတော့ သူတို့ကို လမ်းမှာတွေ့ရင် တွေ့တာနဲ့
   ဘယ်သူတွေလဲဆိုတာ ကျွန်တော်သိပါတယ် ။ နာမည်ကြီးဆိုတာလဲ လူတွေပဲ မဟုတ်ပါလား ။
    ရောက်တတ်ရာရာတွေပြောလာလိုက်တာ ကဗျာတွေ နာမည်ကြီးတွေအထိတောင်ရောက်သွားပြီ ။
    ကျွန်တော်ဆိုတာကလဲ ကဗျာနဲ့ပတ်သတ်ရင် မူလတန်းကလေးအဆင့်တောင်မရှိသေးဘူးဆိုတော့
    ဒါတွေလိုက်ပြောနေတော့လဲ ရယ်စရာဖြစ်တာပေါ့ ။
    အခုမှ ကပေါက်တိကပေါက်ချာဆိုတဲ့ ခေါင်းစဉ်နဲ့ စပ်မိ ဟပ်မိ ဖြစ်လာတယ် ။
    နောက်တစ်ခုက ကျွန်တော်တို့ကမ္ဘာမှာ ကယ်တင်ရှင်ဖြစ်ချင်တဲ့သူတွေလဲ အရမ်းများလာပုံပဲ ။
    Save the seahorse ၊ Save the shark ၊ Save the children ၊Save the ayeyarwady စသည်စသည်ဖြင့်
   Save the တွေ တော်တော်များလာတယ် ။ တကယ်လိုအပ်နေတဲ့ကယ်တင်မှုတွေရှိသလို ပေါ်ပြူလာဖြစ်ချင်လို့
    ကယ်တင်ကြတာတွေလဲ ရှိပါတယ် ။ တကယ့်ကယ်တင်မှုတွေအတွက်တော့
     စိတ်ရောကိုယ်ပါ လက်ခုပ်လက်ဝါးတီးပြီး အားပေးအားမြှောက်ပြုပါတယ် ။
    နောက်ပြီး အဲ့ဒီ ကယ်တင်ရှင်တွေကို အကူအညီတစ်ခုလောက်တောင်းချင်ပါတယ် ။
    ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် Save the POET ဆိုတာလေးပါ လုပ်ပေးနိုင်ကြမလားရယ်လို့ပေါ့  ။     ။
မင်းလုလင်
ငါး
ငါမိထားတဲ့ငါး၊
ငါလွတ်သွားတဲ့ငါး၊
ငါလွှတ်လိုက်တဲ့ငါး၊
အယောင်ယောင်အမှားမှားနဲ့ပြန်ရှာကြည့်တော့
ငါသိတဲ့ငါ
ငါမသိတဲ့ငါ နောက်ပြီး ငါထိသွားတဲ့ငါ။
စကားတွေလည်းထပ်ထပ်လာတယ်။
ငါလွှတ်ထားတဲ့ငါ
ငါလွတ်သွားတဲ့ငါ
ငါးလွှတ်သွားတဲ့ငါ
ငါလွတ်သွားတဲ့အခါငါမေ့နေတဲ့ဟာက
ငါတို့ရဲ့ငါးတွေငါ့အစာကိုဟပ်
ငါ့ပါးစပ်မှာချိတ်တွေတွယ်
ငါမစားတဲ့ငါးနဲ့ငါးနဲ့စားထားတဲ့ငါ
ငါ့ကိုယ်ထဲကထွက်ကျလာတဲ့ငါးနဲ့ငါးကိုယ်ထဲမှာငါးတွေထည့်သိပ်
ငါးအစာသွပ်မုန့်နဲ့ငါတွေပြည့်နင့်
နင်နေတဲ့ငါးနဲ့နင်နေတဲ့ငါ
နှစ်ထားတဲ့ငါးနဲ့နစ်သွားတဲ့ငါ
နင်ထားတဲ့နေရာမှာငါ
ငါထားတဲ့နေရာကငါး
လည်ချောင်းထဲကအသံအိမ်နဲ့အပြည့်ပဲ
ငါးတွေနဲ့ငါးတွေကငါတွေငါ့တွေနဲ့
ငါတွေကငါးဖမ်းသွား
ငါးမရတော့ရေချိုးပြန်တဲ့ငါနဲ့
ငါငေးနေလို့ဝေးသွားတဲ့ငါး
ရေထိုးထားတဲ့ငါးနဲ့ရေးထိုးထားတဲ့ငါ
နင့်နာမည်ကနံရံပြည့်ရုံပဲ
လေထိုးထားတဲ့ငါနဲ့ရေချိုးမထားတဲ့စကား
ညှီနဲ့နည်းနည်းထွက်နေတဲ့ငါး
အညှီရှိရာငါလာမှာလား
ငါးတစ်ကောင်ကြောင့်တစ်လှေလုံးပဲပုပ်ပုပ်
ငါတစ်လုံးငါ့တစ်လုံးနဲ့ငတစ်လုံးထဲမရှိတဲ့အရပ်မှာ
ငါ့ငါငါးတွေ မျှမြှာမျှား
မြားထိုးမထားတဲ့ကန်တွေများ
ငါးတွေကိုသာမျှားကြ
မြားတွေကျလာတဲ့စကားတွေကဟားစရာ
ထားစရာမရှိတော့ထစရာမလို
လိုလိုမယ်မယ်သိမ်းထားတဲ့ငါးတွေက
လိုလိုပိုပိုဆောင်ထားတဲ့ငါတွေထက်
ပိုပိုလျှံလျှံအသုံးတည့်မယ်ဆိုတော့
စိုစရာရေနဲ့ဆိုစရာအရေးတွေ
ဆိုမှာလားပြောမှာလား
ကချင်က ပြီးရင်တော့
ကကြီးရေးလုံးကြီးတင်ဆန်ခတ်နဲ့ကီးကြ
လိုတရတဲ့ဘဝမှာလိုတာရနေတော့
ပါးစပ်တွေလည်းရေမဆေးပဲထားကြ
- နေနှင်းစက် -
အလွမ်းဆိုတာ လူကြားလို့မကောင်းတဲ့ ဘာသာစကား
( ၁ )
မခင်မိရဲ့ မျက်လုံးတွေ ဘယ်တော့ပွင့်လာမလဲလို့ ကျွန်တော် ထိုင်စောင့်နေမိသည် ။
ဘယ်တော့မှ ပြန်ပွင့်လာမှာမဟုတ်မှန်း သိသိရက်နဲ့ ကျွန်တော် ထိုင်စောင့်နေမိသည် ။
ကျွန်တော် ပြုံးမိသည် ။ မခင်မိ အိပ်နေသည်မှာ ဟမ်းလော့ခ်ပန်းတစ်ပွင့် ငြိမ်သက်
တိတ်ဆိတ်နေပုံမျိုး ၊ ဖြူလွငြိမ်းချမ်းလွန်းသည် ။
" မခင်မိ ဘ၀မှာ အဖြစ်ချင်ဆုံးဆန္ဒက ဘာဖြစ်မလဲ"
" ကိုယ့်လက်ကောက်ဝတ်ကိုယ် ဓားနဲ့ လှီးပစ်ချင်တာ ..
ဒါပေမယ့် .. သွေးမြင်ရင် ကြောက်တတ်တယ် "
" မခင်မိရယ် .. "
မခင်မိ၏ လက်ကောက်ဝတ်နေရာလေးကို ကျွန်တော် ငုံ့နမ်းလိုက်သည် ။
ဟမ်းလော့ခ်ပန်းမှာ မည်သည့်ရနံ့ရှိသည်ဟု သေချာစွာ မသိသော်လည်း ၊
မခင်မိ၏ လက်ကောက်ဝတ်မှာမူ စက္ကူဖြူတစ်ရွက်၏ရနံ့နှင့် အနည်းငယ်
ဆင်တူနေလေသည် ။ မည်သည့်အရာမျှ ရေးခြစ်ထားခြင်း မပြုရသေးသော
စက္ကူဖြူတစ်ရွက်သည် မခင်မိဖြစ်လေသလား ။ ကျွန်တော်က ထိုစက္ကူဖြူပေါ်တွင်
ခရမ်းရောင်ဆေးစက်တချို့ ကြဲပက်ချင်နေသူ ။
" ကျွန်တော် မခင်မိကို ချစ်တယ် လို့ ပြောရင် ... "
မခင်မိ ပြုံးပါသည် ။ သူမ၏ အပြုံးက ညဥ့်နက်နက်တွင် ကြွေကျသွားသော
ကြယ်တစ်စင်းလို လျှို့ဝှက်သိပ်သည်းလွန်းလှသည် ။ မည်သည့်အဓိပ္ပါယ်
ဖော်ဆောင်သည်ဟု ကျွန်တော် မခန့်မှန်းတတ် ။
" အချစ်ဆိုတာ လူသုံးကုန်ပစ္စည်းပဲ .. တန်ဖိုး အနည်းအများအလိုက်
ကွာခြားသွားတတ်တာမျိုးပဲ သားဇော် .. "
ကျွန်တော် မခင်မိနှင့် ရိုင်းရိုင်းစိုင်းစိုင်းပင် သဘောထားကွဲလွဲပစ်လိုက်သည် ။
ကျွန်တော်ဆိုတဲ့ကောင်က မခင်မိကို ဘယ်လိုတန်ဖိုးမျိုးမှ တံဆိပ်ကပ်လို့မရလောက်အောင်
အမြင့်မားဆုံးတန်ဖိုးထားပြီးချစ်ခဲ့တာ ။ အချစ်ဆိုတာ လေလံပွဲမဟုတ်ဘူး မခင်မိ ။
လမ်းဘေးမှာ ချရောင်းနေတဲ့ လေဘေးထည်လည်းမဟုတ်ပါဘူး ။
" ဒါဆိုရင် အချစ်ဆိုတာ ဘာလဲ ... မင်း ဖြေလေ .. သားဇော် "
ကျွန်တော် မခင်မိကို ပြုံးပြလိုက်ပါသည် ။ သရော်လိုသောဟန် အနည်းအကျဉ်း
ဖြည့်စွက်လိုက်သည်မှအပ ကျွန်တော့်အပြုံးတွင် အဖြေတစ်ခုခု ပါမသွားစေရန်
အထူးပင် သတိပြုလိုက်ရသည် ။ အံ့သြစရာကောင်းလောက်အောင် ကျွန်တော့်
အပြုံးက မခင်မိ၏ မျက်နှာအပြောင်းအလဲကို ရိုက်ခတ်သွား၏ ။
မခင်မိ လှည့်ထွက်သွားသည် ။ ဆံနွယ်ရှည်တို့က ၀ဲလွင့်ကာ ကျွန်တော့်ပါးပြင်ကို
ကြမ်းကြမ်းရှရှပင် လာရောက်ထိခတ်၏ ။ ကျွန်တော် လက်ပြမနှုတ်ဆက်ဖြစ်သလို
အံကိုလည်း ကြိတ်မထားမိပါ ။ ထို့ထက်ပို၍ ကျွန်တော် မျက်ရည်လုံးဝမကျသည်မှာ
အသေချာဆုံးဖြစ်လေသည် ။
ကျွန်တော်ကျန်ရစ်ခဲ့ပါသည် ။ ၀ဋ်ကြွေးတစ်ခု ၊ အလွမ်းနှင့်ဓာတ်မတည့်ခြင်းရောဂါ
တို့ဖြင့် ကျွန်တော် ကျန်ရစ်ခဲ့ပါသည် ။ အမှန်တော့ ကျွန်တော် စိတ်ရှိလက်ရှိ
ငိုကြွေးပစ်လိုက်ဖို့ကောင်းသည်မဟုတ်ပါလား ။ ငိုချင်စိတ်မရှိသော်လည်း
ငိုချပစ်လိုက်ဖို့ ကြိုးစားမိသည် ။ မခင်မိရော ငိုနေမည်လား ။
ထိုနေ့သည် မခင်မိကို နောက်ဆုံး တွေ့ လိုက်ရသောနေ့ ဖြစ်၏ ။
( ၂ )
မခင်မိဟာ ကျွန်တော့်ရဲ့  ဖန်ပုလင်းလွတ်ထဲက စက္ကူငှက်လေးတွေ ဖြစ်တယ် ။
ပျံသန်းခွင့်ပေးပါ မခင်မိ ။ ကျွန်တော်ဟာ လေဟာနယ်ထဲမှာ ကျဉ်းကျဉ်းကျုတ်ကျုတ်
လှောင်ပိတ်ခံနေရသူပါ ။ မခင်မိရဲ့ အပြုံးတွေဟာ ကျွန်တော့်အတွက် နိစ္စဓူဝ အစာရေစာ ။
မခင်မိရဲ့ မျက်ဝန်းတွေထဲမှာ ဘယ်လိုအရာမျိုးတွေ ထည့်သွင်းဖြည့်စွက်ထားပါသလဲ ။
ရူးလိုက်ရတာ မခင်မိရယ် ။ အဲ့သည့် မျက်ဝန်းနက်နက်တွေ ၊ ပါးချိုင့်နက်နက်လေးတွေထဲမှာ
ကျွန်တော် တစ်ဘ၀လုံးစာ ရူးသွပ်ခဲ့ရလေခြင်းပေါ့ ။
" မခင်မိရဲ့ ပါးပြင်ပေါ်က သနပ်ခါးကွက်လေးတွေ ဖြစ်ချင်တယ် "
" ဘာလို့လဲ သားဇော် "
" ကျွန်တော် အမြဲ နမ်းရှိုက်ခွင့်ရချင်လို့ပါ မခင်မိ "
ဘ၀ပေါင်းများစွာ ရူးသွပ်ခဲ့ရပါတယ် မခင်မိရယ် ။ ကျွန်တော့်မှာ ဘယ်လိုဝဋ်ကြွေးမျိုးကို
ဆုပန်ခဲ့မိပါလိမ့် ။ နေ့ပေါင်းများစွာ ၊ ညပေါင်းများစွာ .. မခင်မိရဲ့ အရိပ်လေးတွေကိုပဲ
တရှိုက်မက်မက် ကြည့်နေရ ။ ကျွန်တော့်မှာ ၀ဋ်တွေလည်း အကြီးကြီးလည်ရတယ် ၊
စိတ်တွေလည်း အကြီးကြီး ညစ်ရပါတယ် မခင်မိ ။
ဒီအချိန်ဆို မြေသင်းနံ့တွေ ပျံ့မွှေးနေမလားပဲ ။ ကျွန်တော် မိုးရာသီတစ်ခုလုံးကို
သော့ခတ်သိမ်းထားခဲ့တာ ကြာပြီ ။ မခင်မိရဲ့ သေတ္တာအဟောင်းလေးထဲက
ဓာတ်ပုံတစ်ပုံရဲ့ ပိုင်ရှင်ဟာ ကျွန်တော် ဖြစ်မလား ။ မခင်မိရဲ့ စက္ကူငှက်လေးတွေထဲမှာ
သားဇော်လို့ နာမည်ပေးထားတဲ့ ခပ်နွမ်းနွမ်းစက္ကူငှက်လေးတစ်ကောင် ပါနေမလား ။
လွမ်းရပါတယ် မခင်မိရယ် ။ အဲ့ဒီစကားကို အကြိမ်ပေါင်း လေးသောင်းရှစ်ထောင်နီးပါး
ဟစ်အော်နေမိရပါတယ် ။
" သားဇော်သာ ဖန်ဆင်းရှင် ဖြစ်ခဲ့မယ် ဆိုရင် ... မင်း ဘယ်အရာကို
အရင်ဆုံး ဖန်ဆင်းမလဲ "
" ကျွန်တော် မခင်မိကို အရင်ဆုံး ဖန်ဆင်းမယ် .. ပြီးရင် ..
ကျွန်တော့်ရဲ့ လွတ်ဟာနေတဲ့ နံရိုးတစ်ချောင်းကို ဖြည့်စွက်ပစ်မယ် ..
ကျွန်တော် ဘယ်အရာကိုမှ မဆုံးရှုံးချင်ဘူး မခင်မိ "
မခင်မိ ပြုံးသည် ။ မခင်မိ၏ အပြုံးတိုင်းသည် ကျွန်တော့်အတွက် ရင်ခုန်သံ
အသစ်အသစ်ပေါင်းများစွာ ဆွတ်ယူနိုင်ကြောင်း အစောကြီးကတည်းက
သိခဲ့ဖို့ကောင်းသည် ။ ကျွန်တော် သက္ကရာဇ်ပေါင်းများစွာ နောက်ကျခဲ့ဖူးပါသည် ။
ကျွန်တော်သည် မခင်မိနှင့် မတွေ့ရှိမီက အလွန်အတ္တကြီးသော လူငယ်တစ်ယောက်
ဖြစ်ခဲ့သည် ။ ကျွန်တော့်၏ အတ္တအားလုံးကို မခင်မိ သိမ်းပိုက်သွားသော နေ့မှာ
ကျွန်တော့်မွေးနေ့ဖြစ်ခဲ့သည်မှာ အံ့သြဖွယ်ရာ တိုက်ဆိုင်မှုတစ်ရပ် ဖြစ်ကောင်းဖြစ်နိုင်သည် ။
" သားဇော် .. မွေးနေ့လက်ဆောင် ဘာလိုချင်လဲ "
" မခင်မိဆီက ချစ်တယ်ဆိုတဲ့ စကားကို ကြားချင်တယ် "
" စက္ကူငှက်လေးတွေ ခေါက်ထည့်ထားတဲ့ ဖန်ပုလင်းလေး လက်ဆောင်ပေးမယ် ဆိုရင်ရော "
ကျွန်တော် ကျေကျေနပ်နပ်ကြီး ရူးရပါသည် မခင်မိ ။
( ၃ )
မခင်မိရဲ့  အသွေးအသားတွေထဲ ကျွန်တော် ဘယ်နှစ်ရာခိုင်နှုန်း ဆူပွက်ခွင့်ရခဲ့သလဲ ။
ချစ်ခြင်းမေတ္တာနဲ့ လက်တစ်ကမ်းအလိုမှာ ငူငူငိုင်ငိုင်နဲ့ ကျွန်တော် ထိုင်စောင့်နေတယ် ။
မခင်မိရဲ့  လက်ဖ၀ါးထက်က အရေးအကြောင်းလေးတွေဟာ ကျွန်တော့် အနာဂတ်
ဖြစ်တယ် ဆိုတာ ၊ မခင်မိကို မပေးဖြစ်ခဲ့တဲ့ ကဗျာတွေထဲမှာ ကျွန်တော့်ကျရှုံးခန်းတွေ
အပြည့်အ၀ပါဝင်နေတယ် ဆိုတာ မခင်မိ သိပါလေစ ။
" မခင်မိရဲ့  ခြေသည်းလေးတွေကို ညှပ်ပေးချင်တယ် "
" အိုကွယ် ... ဘုန်းတွေဘာတွေ နိမ့်ကုန်မှဖြင့် သားဇော်ရယ် .. "
ခန္ဓာကိုယ် အထက်ပိုင်းတွင်ရှိသော အရာများကို မြင့်မြတ်သည်ဟုလည်းကောင်း ၊
ခန္ဓာကိုယ် အောက်ပိုင်းတွင်ရှိသော အရာများကို နိမ့်ကျသည်ဟုလည်းကောင်း ၊
အဘယ်ပညာရှိက ပညတ်ခဲ့ပါသနည်း ။ ကျွန်တော် မခင်မိ၏ ခြေသည်းလေးများကို
တယုတယ ညှပ်ပေးချင်နေပါသည် ။ မည်ကဲ့သို့သော အတွေးမျိုး ၊ စိတ်ကူးမျိုးလဲ ဟု
မေးလာပါလျှင် ပြန်ဖြေရှင်းရန် ဟုတ်တိပတ်တိ အဖြေမျိုး မရှိပါ ။ ထို့ကြောင့်
ကျွန်တော့်ကို ရူးသွားပြီဟု သတ်မှတ်ချင်လျှင်လည်း ဖြစ်ပါသည် ။ ပုထုဇနော
ဥမ္မတကော ဟူသည့် စကားလုံးကြီးကြီးကျယ်ကျယ်များကို မသုံးစွဲချင်၍ ၊
ရိုးရိုးလေးပင် ဟုတ်ကဲ့ ကျွန်တော် ရူးနေပါသည် ဟု ပြန်ဖြေဖြစ်မည်ထင်ပါသည် ။
" ဒီလိုနဲ့ ကျွန်တော်တို့ ကမ္ဘာပေါင်း ဘယ်နှစ်ခုစာ ဝေးခဲ့တာလဲ မခင်မိ "
မခင်မိ နှစ်လိုဖွယ်ရာ ပြုံးပါသည် ။ မခင်မိသည် အဓိပ္ပါယ်အမျိုးမျိုးဖော်ဆောင်သော
အပြုံးပေါင်းများစွာ ပြုံးတတ်သူဖြစ်သည် ။ မခင်မိ၏ အပြုံးထဲတွင် ရင်ခုန်လှိုက်မောခဲ့ဖူးသည် ၊
သာယာတိမ်းမူးခဲ့ဖူးသည် ၊ လွင့်လွဲပူဆွေးခဲ့ဖူးသည် ၊ ထို့ပြင် ပြောပြရန် မစွမ်းနိုင်သော
ခံစားမှုများစွာလည်း ဖြစ်တည်ခဲ့ရဖူးလေသည် ။
" မခင်မိကို ချစ်ရတာ မပင်ပန်းဘူးလား သားဇော် "
" မခင်မိဟာ မီးတောက်တစ်ခု ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်က ပိုးဖလံတစ်ကောင် ၊
ဒါမှမဟုတ် မခင်မိဟာ လောင်ကျွမ်းပြာကျသွားမယ်ဆိုရင်တောင် ကျွန်တော်က
အဲ့သည့်ပြာပုံကိုပဲ ဇွတ်တရွတ်ဝင်တိုးမယ့် ခွေးတစ်ကောင် ဖြစ်လိမ့်မယ် မခင်မိ "
မခင်မိ ပြုံးပါသည် ။ ကျွန်တော့်ကျဆုံးခန်းများတွင် အဓိကဇာတ်ကောင်အဖြစ်
ဝင်ရောက်အသုံးတော်ခံခဲ့သူများထဲတွင် မခင်မိ၏ ပါးချိုင့်ကလေးလည်း
အပါအ၀င်ဖြစ်၏ ။ ထိုအကြောင်းကို ကျွန်တော့်သူငယ်ချင်း ရုပ်သေးက
ကဗျာတစ်ပုဒ် ရေးဖြစ်ခဲ့သေးသည် ။
" သူမရယ်သံမှာကိုက
ကမ္ဘာကြီးသွက်သွက်ခါ .. ဆိုတဲ့
စာလုံးပေါင်း ပါပြီးသား
ဘယ်လောက် ဆိုး ၀ါး လိုက် ပါ သ လဲ
ပါးချိုင့်နက်လေးထဲ ခုန် ခုန် ချ "
ဒီလိုနဲ့ ကျွန်တော်တို့ မိုင်တိုင်ပေါင်းများစွာ ဝေးခဲ့ကြတယ် မခင်မိ ။
( ၄ )
“ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးလိုက်ရုံနဲ့
ဘ၀နှစ်ခုဟာ ပေါင်းစည်းပြီးသား ဖြစ်သွားရောလား ..
အဲ့ဒီလို ပညတ်ချက်တွေကို သားဇော် ယုံကြည်လား "
ကျွန်တော် တသမတ်တည်း တွေးခဲ့သော အတွေးအခေါ်များသည်
မခင်မိနှင့် နှိုင်းယှဉ်လိုက်လျှင် အရမ်းကို ရိုးစင်းနေသည်ကို တွေ့ ရသည် ။
မခင်မိက ကျွန်တော့်ဘ၀ကို ယူသွားခဲ့သည် ။ ကျွန်တော်က မခင်မိကို
ကျွန်တော့်ဘ၀အား ထိုးအပ်ပေးလိုက်သည် ။ မေတ္တာဟူသည်
အလျားအနံမရှိ ၊ အသွားအပြန်ရှိသည် ဆိုသော စကားအဟောင်းအနွမ်းကြီးကို
ကျွန်တော် ရဲရဲဝံ့ဝံ့ ဆန့်ကျင်ပစ်လိုက်သည် ။
" ကျွန်တော် မခင်မိကို ဒီနေရာလေးမှာပဲ ဒီလက်ဖက်ရည်တစ်ခွက်နဲ့ပဲ
ဆက်လက် စောင့်မျှော်နေမှာပါ .. မခင်မိအတွက် ကျွန်တော်ဟာ
အရေးပါ အရာရောက်တဲ့လူတစ်ယောက်လို့ အိပ်မက်ထဲမှာပဲဖြစ်ဖြစ်
ထင်ယောင်မိရင် ... "
အထီးကျန်လက်ဖက်ရည်ခွက်ထဲသို့ အကြောင်းမဲ့ ဇွန်းဖြင့် မွှေနေမိသည် ။
ပုံမှန်ထက်ပို၍ကျသော ကျဆိမ့်တစ်ခွက်သည် ကျွန်တော့်အတွက်
ပုံမှန်မဟုတ်သလို ခံစားနေရသည် ။ မခင်မိက ပုံမှန်မဟုတ်တာလား ၊
ကျွန်တော်ကပဲ အများကြီး မျှော်လင့်နေမိတာလား ။ မခင်မိ၏
ဖြစ်စဉ်ထဲတွင် အမှုန်အမွှားလေးတစ်ခုစာလောက်အနေဖြင့်
ပါဝင်ရှင်သန်ခွင့်ရခဲ့လျှင် ... ။
" မခင်မိ ကျွန်တော့်ဆီ ဘယ်တော့ ပြန်လာမလဲလို့
ကျွန်တော် မမေးတော့ဘူး .. မခင်မိ ပေးထားတဲ့
စက္ကူငှက်လေးတွေနဲ့ .. လက်ဖက်ရည်ကျဆိမ့်တစ်ခွက်နဲ့
မျှော်လင့်ချက်မဲ့နေတဲ့ အိပ်မက်အသေတွေနဲ့ ..
ကျွန်တော် ဒီနေရာလေးမှာ ဆက်ရှိနေမှာပါ "
မခင်မိ၏ လက်ထဲတွင် ရစ်ဘီးတစ်လုံးရှိပြီး ၊ ကျွန်တော်က
စွန်တစ်ကောင် ဖြစ်၍နေလေသည် ။ ကျွန်တော် ကြိုးပြတ်ကျသွားသည် ။
ကျွန်တော် ကျိုးပျက်ကျသွားသည် ။ ထို့နောက် ရုပ်သေးရုပ်တစ်ရုပ်
ဖြစ်သွားသည် ။ မင်းသားရုပ်လား ၊ ဗီလိန်ရုပ်လား ၊ ကိုယ့်ကိုယ်ကို
မကွဲပြား ။ သို့သော် သေချာသည်က .. ကျွန်တော်သည် မခင်မိ ကြိုးဆွဲရာ
ကသည့် ရုပ်သေးရုပ် တစ်ရုပ် ဖြစ်၍နေလေသည် ။
" မျက်နှာဖုံးတွေ ချွတ်လိုက်ပါ မခင်မိ ..
ရက်စက်တဲ့ မျက်နှာနဲ့ပဲ ကျွန်တော့်ကို ကျောခိုင်းထားရစ်ပါ ..
ဟန်ဆောင်အပြုံးတွေ ကျွန်တော် ရွံမုန်းတယ် "
ထိုနေ့သည် မခင်မိကို နောက်ဆုံး တွေ့ လိုက်ရသောနေ့ ဖြစ်၏ ။
ဆူး ခ က် မ င်း
03082011
0910PM
ကဗျာဆရာ ရင်ခွင်ရှိန်း နှင့် အွန်လိုင်းအင်တာဗျူး
Qရင်ခွင်ရှိန်းဆိုတဲ့ ကလောင်နာမည်လေးရွေးချယ်ဖြစ်ခဲ့ပုံလေး ပြောပြပေးပါလားခင်ဗျ ။
A
ဘာမှထူးထူးဆန်းဆန်းတော့မဟုတ်ပါဘူး။ ဒီလိုပဲရွေးဖြစ်သွားတာပဲ။
Q
ရင်ခွင်ရှိန်း အနေနဲ့ ကဗျာတွေကို ဘယ်အချိန်လောက်က စပြီး ဖန်တီးခဲ့လဲဗျ ။
A -
သုံးနှစ်လောက်ရှိပါပြီ။ ဒါပေမယ့် ကြားထဲမှာအဆက်ပြတ်ပြတ်သွားတာလည်းရှိတယ်။
Q -
ရင်ခွင်ရှိန်းက လက်ရှိ အွန်လိုင်းပေါ် ကဗျာတွေစာတွေရေးနေတဲ့ အွန်လိုင်းကဗျာဆရာတစ်ယောက်ဆိုတော့ ဒီနေ့ခေတ် အွန်လိုင်းစာပေအသိုင်းအ၀ိုင်းကို ဘယ်လိုမြင်လဲဗျ ။
A - Pessimists
တွေကတော့ အွန်လိုင်းစာပေအသိုင်းအ၀ိုင်းကိုရေးချင်တာရေးနေကြတာလောက်ပဲတွေးမှာပါ။
အရင်ကဆို ကဗျာတွေစာတွေဖတ်ချင်ရင် ... စာအုပ်တွေမှာလောက်ပဲဖတ်ခွင့်ရှိတယ်လေ။ ရေဒီယိုမှာလာတဲ့ ကဗျာကဏ္ဍလေးမှာ ကဗျာရွတ်တာလောက်ပဲကြားခွင့်ရှိတယ်။
ခုအွန်လိုင်းမှာ ကဗျာတွေရေးကြ ဖတ်ကြ ဝေဖန်ကြ ဆဲကြ ဆိုကြ ။ ကျနော်တို့ အတွက်လွတ်လပ်လာပါတယ်။း))
ကျနော်တို့ ဟာခေတ်ရဲ့ သားကောင်တွေအဖြစ်အမြဲမနေချင်ကြတော့ဖူး။ ခေတ်ကို အမဲပြန်လိုက်ချင်တယ်။း)) ဒါကျနော်တို့ ရဲ့ လွတ်လပ်မှုတစ်ခုပါ။
Q -
ဆိုတော့ကား .... အွန်လိုင်းစာပေက လွတ်လပ်တယ်ဆိုတဲ့သဘောပေါ့ ။
A -
အဲ့ဒီမေးခွန်းက (+) (-) မေးခွန်းကြီးဗျ။ Taking Sides ပဲ။ လွတ်လပ်တယ်လို့ ပြောရင် ... သဘောတစ်မျိုးသက်ရောက်တယ်။
မလွတ်လပ်ဖူးပြောရင် အခြားတစ်မျိုး။ ကျနော့်အတွက်တော့လွတ်လပ်တယ်။ Freedom ဆိုတာကလည်း Responsibility မရှိရင်မဖြစ်ဖူးမဟုတ်လား။
Q -
ရင်ခွင်ရှိန်းအနေနဲ့ On Print Media ပိုင်းကိုရော ကူးပြောင်းအခြေချဖို့ ရှိပါသလားခင်ဗျ ။
A -
ကျနော်အဲ့ဒီလိုဟိုကိုသွားဖို့ ဒီကိုသွားဖို့ တစ်ခါမှမတွေးဖူးဘူး။ On Print Media ပိုင်းဟာလည်း သူ့ အပိုင်းနဲ့ သူပါ။
အချို့ Online ကနေ On Print ဘက်ရောက်သွားတယ်။ ပိုတောင်သဘောကျသေးတယ်။ သူတို့ အနုပညာတွေကို Online မှာသာမက On Print Media မှာပါ ခံစားခွင့်ရှိပြီမဟုတ်လား။
တစ်ခုသိထားဖို့ က Online ဟာလည်း မီဒီယာတစ်ခုပါပဲ။
Q -
ဟုတ်ကဲ့ ။ ရင်ခွင်ရှိန်းရဲ့ ကဗျာဆရာဘ၀မှာ မှတ်မှတ်ရရရှိနေတဲ့ကဗျာ ( ဒါမှမဟုတ် ) ကဗျာဆရာ ရှိလားခင်ဗျ ။
A -
ရှိတယ်ဗျ။ ကျနော်မှတ်မှတ်ရရပါပဲ။ ကျနော်ကဗျာတွေစဖတ်၊စရေးတုန်းက ကျနော် တာယာ(မောင်မိုးမြင့်) ကိုအရမ်းသဘော
ကျခဲ့တယ်။ သူ့ ရဲ့ "ကံ" ဆိုတဲ့ ကဗျာတစ်ပုဒ်ကို ကျနော်သဘောအရမ်းကျခဲ့တယ်။
Q -
အခုလက်ရှိ ကဗျာလောကမှာ အသစ်တွေကိုဆာလောင်နေတဲ့အသံတွေက ကျယ်ကျယ်လောင်လောင်ကြားနေရတယ်ဗျ ။
အသစ်တွေနောက်ကိုလဲ အားထုတ်ပြီးလိုက်နေကြတာတွေ့ရတယ် ။ အဲ့ဒီအပေါ်ကိုရော ရင်ခွင်ရှိန်း ဘယ်လိုမြင်ပါသလဲ ။
A -
ကျနော်ကတော့ သဘောကျပါတယ်။ အဟောင်းတွေထဲမှာပဲ ကျနော်တို့ပိတ်မိမနေဖို့ လိုတယ်။
ဒါပေမယ့် အဟောင်းတွေကိုလည်း ကျနော်တို့ဖယ်ကျဉ်ထားစရာမလိုဖူးထင်တယ်။ ဒါက စာပေယဉ်ကျေးမှုသမိုင်းကြောင်းပဲဗျ။
Q -
ရင်ခွင်ရှိန်းရဲ့ ရေးပြီးသမျှထဲမှာ အကြိုက်ဆုံးဆိုတဲ့ကဗျာ ( ဒါမှမဟုတ် ) အခြားတစ်ခုခုပေါ့ ရှိလားမသိဘူး ။ ရှိရင်ပြောပြပေးပါခင်ဗျ ။
A -
ပိတ်ထားသမျှဟာဖွင့်ရန် (မဟုတ်) ဖြစ်သည် ။ ။
ကျနော်ရေးပြီး ကျနော်ပြန်ကြိုက်တဲ့ကဗျာလို့ ပြောရင်ရပါတယ်။
Q - တကယ်လို့များ အွန်လိုင်းကဗျာတွေက လွတ်လပ်မှုကို အလွဲသုံးစားလုပ်နေကြတဲ့သူတွေပါလို့ တစ်ယောက်ယောက်က လာပြောခဲ့မယ်ဆိုရင် ရင်ခွင်ရှိန်းအနေနဲ့ ဘယ်လိုတုံ့ပြန်မလဲ ။
A -
သူက Some to All သမားလား ။ အဲ့ဒီအဆိုက မမှန်ပါဘူး။ သူက လွတ်လပ်မှုကိုနားမလည်သူဖြစ်ပါတယ်။
အထက်မှာပြောခဲ့သလိုပဲ။ Freedom ဆိုတာ Responsibility ရှိဖို့ လိုအပ်တယ်မဟုတ်လား။ ဆရာတစ်ယောက်ကပြောဖူးတယ်။
ခင်ဗျားလက်သီးရဲ့ လွတ်လပ်မှုဟာ လေထဲမှာကြိုက်သလိုဝှေ့ ယမ်း။ အေးဆေးပဲ။ ဒါပေမယ့် အခြားတစ်ယောက်ရဲ့ နှာခေါင်းပေါ်တော့ကျမသွားစေနဲ့ တဲ့။
တစ်ယောက်ရဲ့ လွတ်လပ်မှုဟာ အခြားတစ်ယောက်ရဲ့ လွတ်လပ်မှုကိုသွားမထိပါးခဲ့ရင်ပေါ့။ ကျုပ်ကတော့လူငယ်ဗျ။  ကျုပ်ကိုအဲ့လိုပြောလာရင်တော့ အဲ့ဒီနေ့ ပုဆိုးဝတ်မယ်။း))
ငါးခုံးမတွေလည်းရှိမှာပါ။ အားလုံးကို ခြုံငုံပြောရအောင် ဒါဟာ Fallacies တွေကိုသင်ကြားနေတာမဟုတ်ဖူး။
Q - ဟုတ်ကဲ့ ။ ရင်ခွင်ရှိန်းကို ဆက်သွယ်ချင်ရင် ....
A - apollo.leo7@gmail.com
ပါ ။
Q - HOEOnline Magazine
ရဲ့ ပရိတ်သတ်တွေကို ဘာများပြောချင်တာရှိလဲ ခင်ဗျ ။
A -
မြန်မာနိုင်ငံအတွက် စာများများဖတ်ကြပါ ပေါ့ဗျာ။ ဒါပဲရှိတယ်။
Q -
ဟုတ်ကဲ့ ။ အခုလို စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့အတွက် ရင်ခွင်ရှိန်း ကို  HOE Online Magazine မှ ကျေးဇူးအထူးတင်ရှိပါတယ် ။
A -
ကျနော်ကတော့ ကျေးဇူးကိုအလကားမတင်ချင်သူပါ။း))
+ + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + +
။  ရင်ခွင်ရှိန်းရဲ့ သူကိုယ်တိုင်ရေးပြီး သူကိုယ်တိုင် ပြန်ကြိုက်တဲ့  " ပိတ်ထားသမျှဟာဖွင့်ရန် (မဟုတ်) ဖြစ်သည် ဆိုတဲ့ကဗျာကို
    HOE Online Magazine
ပရိတ်သတ်တွေ ခံစားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်  ။
+ + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + +
ပိတ်ထားသမျှဟာဖွင့်ရန် (မဟုတ်) ဖြစ်သည် ။ ။
ဒီကိုယ်ဝန်ဟာ ငါနဲ့ သွေးရိုးသားရိုးရတာမဖြစ်နိုင်ဘူး
(
ကဗျာဆရာဟာ ပထမစာကြောင်းမှာ အခုလိုငြင်းဆန်ပါတယ်)
(
)သိချင်စိတ်   က/ဖြင့်   ဖွင့်/ပွင့် ထွက်သွား
သရိုးသရီ ၊ ဇိုးဇိုးဇပ်ဇပ် ၊ အစိမ်းကြီး ၊ ဆပ်ဆလူး ၊ ဇိကပ်နေ ၊ ဇင်ယော်တောင်မျက်လုံး
(
ကဗျာဆရာဟာ ငြင်းဆန်ပါတယ်)အခြေအနေကိုသုံးသပ်စိတ်ဟာ အချိန်အခါ အထိုက်အလျောက် ရှိ/မရှိ
သိုဝှက်မှု မရှိကြောင်းပြသရန် သင့်တွင် လတ်လတ်ဆတ်ဆတ် ခင်းကျင်းမှု လိုအပ် – () 
သူက စားတယ် ၊ သူ ကစား တယ် ၊သူ ကစား ရင်း စားတယ် ၊ သူက စားရင်း ကစားတယ်
ကလေးတွေတောင် တတ်/တက် တယ် ၊ လူ ကြီးတွေလည်း တောင် တက်/တတ် တယ်
(
ကဗျာဆရာဟာ လက်ခံမှုအားငြင်းဆန်ပါတယ်) 
ကဗျာဆရာ အား ကြည့်ပြီး ရယ်ကြပါတယ် ၊ ကဗျာဆရာ က/ကို ရယ်တာ ကို ကြည့်ပြီးနေ ()တယ်
၁။ ပဋိပက္ခအား ပုံစံ ကွဲ-လွဲ-မှုအသွင် နှင့်ကြည့်ရန် ။
၂။ အနက်ပြန်မှု (၀ါ) အနက်ဖြန့် ကျက်မှု ။
၃။ အသွင်ဆောင်မှုအား အမြင်နှင့် ထိစပ်ရန် ။
၎။ ပမာဏ အား ပဏာမအဖြစ် ဆန့် ကျင်ရန် ။
(
ကဗျာဆရာဟာ ငြင်းဆန်ပါတယ်) 
မျိုးရိုးဗီဇ နှင့်ဆိုင်သော ဦးခေါင်းများရောင်းဝယ်ရေး ၊ သဘာဝလွန်များ၊ သမ္ဘာများ၊ လွန်များ ၊ သလွန်များ
ဆင့်ကဲဖြစ်စဉ် သည် ကွင်းဆက်တစ်ခုနှင့်တစ်ခု ချိတ်ဆက်လျှက် ရှိ  – ()ကွင်းဆက်များ ချိတ်ဆက်လျှက်ရှိခြင်း သည် ဖြစ်စဉ်တစ်ခု (၀ါ) တစ်ခုထက်ပိုသော ဆင့်ကဲမှုများဖြစ် (နိုင်) သည်
(
ကဗျာဆရာဟာ စကားလုံးများအား ငြင်းဆန်လိုက်ပါတယ်) 
အကြမ်းဖက်မှုမရှိတဲ့ ဆန့် ကျင်မှုဟာ မွန်မြတ်တယ်
ရှိသည် ၊ ဖြစ်သည် ၊ မရှိမဖြစ် ၊ရှိလည်းဖြစ်သည်၊ မရှိလည်းဖြစ်သည်။ အရှိ ဖြစ်သည် ။
ထင်လို့ ပါ မ၀င်ဘူး ကျောင်းအစ်မရဲ့ (စကားသံအဖြစ်ပြောင်းလဲမှု) 
ထင်သာထင် မ၀င်ဘူး ကျောင်းအစ်မ (မှုရင်းအဆို) 
ဘာမှမမေးရင် ဘယ်လိုလိမ်ညာမှုမျိုးမှ ဖြေဆိုနိုင်လိမ့်မည်မဟုတ် !!! 
အတွေးအခေါ်သည် မည်သည့်အပေါ်တွင်အခြေခံသနည်း။ (မေးခွန်းပုံစံ)
(
ကဗျာဆရာဟာ ခေါင်းခါယမ်းပါတယ်)
ရှင်းလင်းချက်။    ။ ခေါင်းခါယမ်းသည်မှာ တစ်စုံတရာအား လက်မခံခြင်းသော်လည်းကောင်း ။ မဖြစ်တန်ရာ
ဟုသော်လည်းကောင်း၊နားမလည်ပေးနိုင်သည်ကိုလည်းကောင်း၊လက်ခံခြင်းမှာမဖြစ်နိုင်
ဟုသော်လည်းကောင်း … လည်းကောင်း … လည်းကောင်း…….
ဖြည့်စွက်ရန် ။    ။ သင်ထင်သမျှကို ဆက်လက်ဆွေးနွေးပါ ။
ခံစားမှုပြပုဒ် ၊ အသုံးအနှုန်းကျစ်လစ်မှု ၊ နိမိတ်ပုံ ၊ လှုမှုဝန်းကျင်ဆိုင်ရာများ ၊ သမိုင်းကြောင်း
(
ကဗျာဆရာဟာ ထိုမျှအထိငြင်းဆန်ပါတယ်)
ကဗျာဆရာ ဘယ်မှာလဲ ။
ကဗျာဆရာရှိခြင်းကို ငြင်းဆန်ပါတယ် ။
ကဗျာဆရာဟာ ကဗျာကို ငြင်းဆန်ပါတယ် ။
ကဗျာဟာ ကဗျာဆရာရှိခြင်းကို ငြင်းဆန်ပါတယ် ။
ရင်ခွင်ရှိန်း
လင်းပွင့်လက်များမှ GTalk တွင် တွေ့ဆုံမေးမြန်းသည်
ခင်ဗျားမှာလည်း နည်းပညာအသစ်နဲ့ ။
ကျနော့်မှာလည်း တော်လှန်ရေးမျက်လုံးနဲ့ ။
နာတာရှည်ရောဂါသည်တစ်ယောက်ကို လူမမာသတင်းမေးသလို
ကိုယ့်အသည်းကွဲရောဂါကို လာလာဆေးမထည့်နဲ့ ။
ကိုယ် မကြိုက်ဘူး ။ နမော်နမဲ့ ၊ အမှတ်မထင် ၊ ဖြတ်သန်း ၊ ရောက်ရှိ ။
စကားလုံးဖိအားကို နည်းနည်းလျှော့ ။ ပက်သက်မှုဖိအားကို နည်းနည်းလျှော့ ။
မျက်စိတစ်မှိတ်အတွင်းမှာတင် ကမ္ဘာတစ်ပတ် ကိုယ်ပျံဝဲလိုက်လို့ရတယ် ။
သိလား ။ ကိုယ်ပိုင်တဲ့ သံကြိုးတစ်ချောင်းနဲ့ မင်း ကို ချည်ထားဖို့ ကြံနေတာ ။
စာမျက်နှာ အခက်အခဲအရ ချစ်ခြင်းမေတ္တာကို ကျော်ဖတ်သွားဖို့ပဲ ။
လွတ်လပ်မှုဟာ ထောင်ဘူးဝမှာ အနံ့အပြင်းဆုံးလို့ပဲ ....။
ဆိုကြပါစို့ ။ ကိုယ့်မှာ ဘာမှပြောခွင့်မရှိဘူး ။ ခေတ်ဆိုတာ တစ်ကျော့ပြန်လည်တဲ့
သဘောရှိပြီးသား ။ အဖြစ်အပျက်ဟောင်းတွေ မြေကြီးထဲက တွန်း ထိုး
ခုန် ထွက် လာ...။ ကိုယ် ကြောက် တာ ပေါ့ ....... ..... ..../
ပုထုစဉ် ပီပီသသကြီး ဖြစ်နေရတော့လည်း ။ ကိုယ်..........ကြောက်...........
တာ..............ပေါ့.................။ လူငယ်ဘ၀က နတ်သက်ကြွေကာနီးတော့လည်း....။
ဘာမှမဖြစ်ရင်တော့ ဘာမှ မဖြစ်ဘူး ။ စိတ်ကူးကောင်းရင် လိပ်ပြာတစ်ကောင်အဖြစ်
ပြန် ၀င် စား လိုက် လို့ ရ တယ် ။ ပြော ချင် တယ် ။ တစ်.....ခု........ပဲ ........။
နာကျင်လွယ်တဲ့ အရေပြားတွေနဲ့ ကျနော့်ကို မဖန်ဆင်းခဲ့ပါနဲ့ ဘုရားသခင် ။
ခင်ဗျား တန်ခိုးရှိတယ် ဆိုတဲ့အကြောင်း ကျနော် ကောင်းကောင်းယုံချင်တယ် ။ ။
- စစ်နိုင် -
P.M 11:35
9.5.2011
Monday
ပွဲတော်ထဲက အကြောင်း
ပွဲတော်ည
ကောင်လေးတစ်ယောက် ငြိမ်ငြိမ်လေး ကုပ်ကုပ်ထိုင်နေတယ်။ သူ့ဘေးမှာ မီးအိမ်လေးတစ်လုံး… တစ်စုံတစ်ယောက်ကို မျှော်နေဟန်နဲ့။ ဘယ်လဘယ်ရက်လို့ အတိအကျ သမိုင်းမှာ မရေးထားပေမဲ့ အဲဒီညမှာ နှင်းတွေက ချမ်းချမ်းတုန်နေခဲ့ပုံပါပဲ။ အနွေးအင်္ကျီလေးဝတ်ထားပေမဲ့ မနွေးဘူး။ တစ်စိမ့်စိမ့်တွေးလေချမ်းလေ… ကိုယ်က တစ်ယောက်တည်းပြုံးပြနေပေမဲ့ သူက ဒိုင်လူကြီးဆန်ဆန်ပြန်ပြုံးပြနေတဲ့ လရောင်ညပေါ့…….။ ဘယ်သူသတ်မှတ်လိုက်မှန်းမသိတဲ့ အချိန်ကာလတွေကို သူ မတွေးတဲ့အကြောင်း၊ သူမ တွေးတဲ့အကြောင်းမှာ သူ့အကြောင်း မပါတဲ့အကြောင်း၊ နှင်းတွေက အေးစက်တယ်။ အပေါ်ယံလွှာသာ မာကျောနေတဲ့ ရေခဲမြစ်တွေအကြောင်းကို ပြန်ဖတ်ကြည့်ဖို့ လိုလေမလား။ လရောင်က ညပေါ်မှာ ရက်ရက်စက်စက် ဖြာကျနေပုံများ…….. ခရီးတစ်ထောက်နားနေတဲ့ ကောင်လေးတစ်ယောက်တောင် ကုပ်ကုပ်လေး ထိုင်နေ ရတယ်….။ ငါ့ကို ယဇ်ပူဇော်တဲ့ ပွဲတော်ည…. အဲ့လိုပဲ ကောင်လေးတွေးနေလိမ့်မယ်။
ဆုတောင်းစာ
တစ်စုံတစ်ပွင့်ကို တိုင်တည်၏။
ငါ့၌ မှန်သော စောင့်စားခြင်း၊ မြဲသော စောင့်စည်းခြင်း ရှိခဲ့ပါသည်။
အဘယ့်သို့သော လမိုက်က ညကို ခြောက်ကပ်စေခဲ့သနည်း။
မရှိသော အလင်းနှင့် လဲ့ယောင်ဆောင်ခြင်းကို သိမ်းပါ။
မှန်အိမ်လေးကို မီးစာလင်းလင်းထွန်း၍ သင့်ကိုသာ ပေးလိုပါသည်။
အဘယ်သို့သော ပျော်ရွှင်ခြင်းကို သင်လိုချင်ခဲ့သနည်း။
ငါ့ကို ငို၍၊ သူ့ကို ပြုံးပြခြင်းတို့ကို သိမ်းပါ။
အဘယ်သို့သော ပျော်ရွှင်မှုကို မျှော်ရည်ခဲ့သနည်း။
ရေ၌ချသော်လည်း ရေပွက်ကျန်လိမ့်မည်။
လေ၌လွင့်သော်လည်း လေနံ့ကျန်လိမ့်မည်။
ဟောင်းသော အယူအစွဲကို ချွတ်၍ ငါ့ထံသို့ ၀င်လာပါရန်
ဆုတောင်းပါ၏။
သို့မဟုတ် …. မိန့်မှာပါသည်။
ငါ့ပုံရိပ်ဖယ်၍ ခဏတာလွှင့်ခဲ့သော်လည်း အသင့်ကိုမမေ့….
ငါ့ကို ငြောင်းစူ၍ မူဟန်ပြောင်းနုခဲ့သော်လည်း အသင့်ကိုမမေ့…
ငါကား အတောင်နှစ်ဆယ်ဝတ်၏။
သို့ကြောင့်ပင်လျှင် ၀န်တာကို မညီးသယ်ဖို့ ကြိုးကုပ်ပါမည်…
ဟောင်းသော မူကျင့်ရာတို့ကို ပြင်ကာ
လှမ်းလာပါရန် ဆုတောင်းပါ၏။
ဘယ်သူရေးခဲ့မှန်းမသိသော စာသားတို့က လေ၌ပျံ့နေသည်။ ကောင်လေး ဖတ်လျှင်မျက်ရည်ကျတော့မည်။ နားမလည်သော်လည်း သဘောပေါက်ခဲ့၏။ သူ့၌ ထိုသို့ခွင့်လွှတ်ပေးစရာပင်မရှိခဲ့။ ညက လှလိုသော်လည်း လရောင်ကြောင့် အကျည်းတန်သည်။ သူ့မှာ မှန်အိမ်လေးရှိ၏။ မည်သူ့အတွက်ထွန်းပေးရမည်နည်း။
ပြဇတ်
လူတစ်ယေက် စင်ပေါ်တက်လာ၊ နောက်တစ်ယောက်တက်လာ၊ ပြီးတော့ ပြန်ဆင်း… ဒီလိုနဲ့ပဲ မိုးလင်းခဲ့ပြန်ပေါ့….. မေမေ…. ဇတ်ပွဲတွေကို မုန်းတယ်။ ပြီးတော့ …. အဲ့ဒီဇတ်တွေရဲ့ နောက်ခံ လရောင်ကိုလည်း မုန်းတယ်…မေမေ။ သားရဲ့………….. မီးအိမ်လေး……………… ဘယ်လိုများမှ
.င်းမလဲ…… တစ်ခုခုတော့ လိုနေခဲ့ပေါ့လေ။
လမ်းမ
နံရံတစ်ခုထက်ကို စိတ်ပါလက်ပါ ရေးချလိုက်တာပါပဲ…. ပုံစံမျိုးစုံနဲ့လှပလို့… ဂရပ်ဖစ်တီလို့ ရေးပြရင် သူ မဖတ်တတ်ပြန်ဘူးလေ။ ရယ်ရတယ်။ တံတားကြီးတစ်ခုပေါ်မှာ ထိုင်ပြီး အပေါင်းအသင်း ဘ၀တူတွေနဲ့ ရောက်မိတတ်ရာပြော လောကဟာ ပြည့်စုံသလိုနဲ့… ဟာတာတာ။
ကျွန်တော် ရယ်သံလေးတစ်ခုကိုများ တမ်းတနေတာလား။
နောက်တစ်နေ့ အစီအစဉ်
မနက်ဖြန်မီးမပျက်ရင်တော့… သူ အိမ်ထဲမှာပဲ ကုပ်ကုပ်လေး မျှော်နေတော့မယ်တဲ့…..
ကောင်လေးတစ်ယောက်တည်း…. ဟောဟိုးမှာ………..
- ဘုန်းသန့်ခန့် -